Battlebones မှာ ကျန်ရစ်တဲ့ဇာတ်လမ်း (၂)

အကျိုးရှိရှိ ဖေ့ဘွတ်သုံးကြမယ်လေ။ စိုးမင်းအောင်အမေနဲ့ Fri ဖြစ်သွားတော့ သူ့အမေကစဆက်သွယ်လာတာမို့ စိတ်ထဲအားတက်တာပေါ့။ ဘယ်ဘာသာစကားနဲ့ ပြောကြမလဲအစ်မဆိုတော့ သူမက မွန်လိုပြောမယ်လေတဲ့။ စိုးမင်းအောင်မိခင်က မွန်+ကရင် လူမျိုးဖြစ်ပါတယ်။ ကျနော်တို့အောက်နယ်သားတွေက မွန်ဗမာကရင်ထိုင်းကို ခုလိုပဲ အစုံသုပ်ခြုံပုတ်ငပိနဲ့တို့စားကြတဲ့လူမျိုးတွေပါပဲ။ သူကလည်း ဗမာလိုကုန်အောင်မပြောနိုင် ကိုယ်လည်းမွန်လိုကုန်အောင်မပြောနိုင်ပါဘူး။ ဝါကျတခုမှာ ကြုံရာရောနှောပြောအပြီးမှာတော့ ခုလိုသိရပါတယ်။ စိုးမင်းအောင်ရဲ့ မိခင်ဟာ စိုးမင်းအောင်ဖခင်နဲ့ သားသမီးသုံးယောက်ထွန်းကားရစ်ခဲ့ပါတယ်။ ပုံထဲမှာတော့ သူမ(စိုးမင်းအောင်မိခင်) ပို့လိုက်တဲ့ စိုးမင်းအောင်မောင်နှမသုံးဦးနှင့် ဖခင်ပုံပဲ ဖြစ်ပါတယ်။ စိုးမင်းအောင်ဖခင်ဟာ ရွှေ့ပြောင်းအလုပ်သမားဘဝနှင့် ထိုင်းမှာမွေးကြီးပြင်းတဲ့ စိုးမင်းအောင်မိခင်ကို အကြောင်းပါခဲ့တာမျိုးပါ။ စိုးမင်းအောင်ရဲ့ဖခင်အမည်ကို “ အခွါး” လို့သာ သိမှတ်ဖူးတဲ့အကြောင်း ပြောပါတယ်။ ကွဲကွာခဲ့ကြတာ ဆယ်နှစ်ကျော်ခဲ့ပါပြီ။ စိတ်ကောင်းထားက ချမ်းသာရ၏ စကားအတိုင်း စိုးမင်းအောင်ရဲ့ ဖခင်ရှာပုံတော် ဇာတ်လမ်းမှာ ပါဝင်ကူညီသူအားလုံး ကျန်းမာချမ်းသာကြပါစေ။ စိုးမင်းအောင်အပြောအရတော့ ရာဖူး(ရေဖြူမြို့နယ်) သို့မဟုတ် ရေဖြူမြို့ထဲ (ထိုင်းအခေါ် ထဝိုင်) မြန်မာအခေါ် ထားဝယ်မှာ သူ့အဖေရှိကြောင်း သတင်းရဖူးတဲ့အကြောင်း သိထားပါတယ်။ သိသမျှ ဆက်လက်ဖော်ထုတ်ကြတာပေါ့

Somiong (စိုးမင်းအောင်) ဟာ မြန်မာပရိသတ်တွေရဲ့ သူ့အပေါ် နွေးထွေးချစ်ခင်မှု ဖော်ရွှေပျူငှာမှုကို WLC ပွဲမှာ ပထမဆုံးကြုံလိုက်ရတဲ့ ပြည်တော်ဝင် လက်ဝှေ့သမားပါ။ သူ့အဖေသာဆို သူ့အပေါ် ဘယ်လောက် ချစ်ခင်အားပေးရှာမလဲ တွေးနေမိပြီး ပြန်သွားခဲ့ပုံရပါတယ်။

“ ဘယ်သူမဆို ကိုယ့်အဖေကိုတော့ တွေ့ဖူးချင်ကြတာပဲလေနော်” ဆိုတဲ့သူ့စကားကို ကျနော်ဥပေက္ခာမပြုရက်ခဲ့ပါဘူး။ ကျနော်တို့ ကြိုးစားကြည့်ရအောင်ပါ။

ရေးသားသူ >> မင်းဥက္ကာ