မိမိ နှင့် WLC Battlebones အပိုင်း (၂)

ပွဲစဥ်သုံးအဖြစ်ကတော့ မိုးဒီလို့ချစ်စနိုးခေါ်တယ့် ထွန်းလင်းအောင်နဲ့စောလှမင်း။ ပရိတ်သတ်အထင်နဲ့အမြင်တက်တက်စင်အောင်လွဲရတယ့် ပွဲတစ်ပွဲပါ။ ထွန်းလင်းအောင်အလေးသာလိမ့်မယ်လို့ အများစုကထင်မြင်ထားကြပေမယ့် ပြိုင်ပွဲရဲ့ခေါင်းစဥ် battlebones က သည်ပွဲစဥ်နဲ့ဒက်ထိကွက်တိပါပဲဗျာ။ အချီခေါင်းလောင်းစလွှတ်ထဲက ချိန်ဆနေတာတွေဘာတွေလုပ်မနေကြပဲ သွက်သွက်လက်လက်ကို တိုက်ခိုက်ကြပါတော့တယ်။ စောလှမင်းရဲ့ဒူးတွေကစူးခနဲနေအောင်ထိချက်မှန်ခဲ့ပြီး မိုးဒီရဲ့ဘယ်ညာတွဲလုံးတွေကလည်း စောလှမင်းကိုယိုင်ထွက်သွားစေခဲ့ပါတယ်။ ပရိတ်သတ်တွေဟေးဟေးဝါးဝါးနဲ့ ဆန့်တငင်ငင်ပချီပြည့်သွားပါတယ်။ ဒုတယအချီအစမှာတော့ ကစားသမားနှစ်ယောက်အပူးမှာ ဦးခေါင်းခွံအရိုးချင်း ခွပ်ခနဲမြည်အောက်ရိုက်ထည့်လိုက်ကြပုံက အဌိဝေဒဆိုတယ့် ခေါင်းစဥ်အောက်တန်းခနဲဝင်သွားလိုက်ပုံများ ပရိတ်သတ်ကဟာခနဲ ထွန်းလင်းအောင်မျက်နှာလည်းသွေးရွှဲခဲ့ရပါပြီ။ အကွဲကြီးမှန်း ရိပ်စားမိလိုက်တယ့် မိုးဒီတစ်ယောက်နှစ်ဆတင်ပြီး ပွဲဖြတ်ဖို့ကြိုးစားပါတော့တယ်။ အလာကောင်းပေမယ့် အခါနှောင်သွားပါပြီ။ ဆေးစစ်ဖို့ကြိုးဝိုင်းဒိုင်ရဲ့ ဆုံးဖြတ်ချက်ကမှန်ကန်လွန်းခဲ့ပြီး ဆေးဆရာဝန်က ဆက်လက်ယှဥ်ပြိုင်ခွင့်မပြုတော့တာမို့ စောလှမင်းတစ်ယောက် အောင်ပွဲဆင်သူဖြစ်ခဲ့ရပါတယ်။

လာပါပြီဗျာ ပရိတ်သတ်တွေမျှော်လင့်နေကြတယ့် မြန်မာနဲ့နိုင်ငံခြားတွဲဆိုင်း။ ပရိတ်သတ်နဲ့စတင်မိတ်ဆက်တယ့် တွဲဆိုင်းကတော့ ဟိန်းထွန်းအောင်နဲ့ခွန်ခမာဖိုက်တာအမ်ဆိုသီတို့ရဲ့ ပွဲစဥ်ပဲဖြစ်ပါတယ်။ တွဲဆိုင်း နံပါတ်လေးလို့ ခေါ်ဆိုကြပြီ ပြည်တွင်းပရိတ်သတ်တွေ ရင်ထိတ်ချိန်စပြီလို့ ပြောလို့လည်းရပါတယ်။ နောက်ပိုင်းပွဲစဥ်တွေမှာ ပုံမှန်လက်ရည်ပျောက်ဆုံးနေပြီး ရုန်ကန်နေရတယ့် ဟိန်းထွန်းအောင်အတွက် သူ့ပရိတ်သတ်တွေက အနည်းငယ်တော့ စိုးရိမ်ရေမှတ်ရောက်လို့နေရပါတယ်။ မရောက်ခံနိုင်ရိုးလား ဟိုဖက်ပခွန်ခမာဖိုက်တာက ကမ္ဘောဒီးယားမှာ နံမည်ရစပြုနေတယ့်ကစားသမား ပွဲအတွေ့အကြုံနဲ့အရပ်အမောင်းကလည်း ဟိန်းထွန်းအောင်ထက်သာနေပြန် ဘယ်တည်ညာထိုးလက်သီးမျိုးနဲ့ စပါယ်ရှယ်ပင့်တံတောင်ရိုက်ချက်တွေကလည်း တစ်ချက်တစ်ကောင်ဆိုသလိုပါပဲ။ နောက်ပိုင်းဟိန်းထွန်အောင်သုံးနေတယ့် ကပ်ရိုက်ကပ်ခေါင်းနဲ့ပင့်တံတောင်တော့ တွေ့ကြပြီပေါ့လေ … စိတ်ထဲတော့ သိပ်ဘဘဝင်မကျ “ ခေါင်းမာလွန်းရင် တံတောင်နဲ့ခွဲ” ဆိုတယ့်အဆိုစကားကြောင့် ကိုယ့်လူဟိန်းထွန်းအောင် ကွဲရှုံးနဲ့ဆင်းပေးလိုက်ရမှာ အကြောက်ဆုံး။ အမှတ်စဥ်နဲ့အလဲထိုးကတော့ ဟိန်းထွန်းအောင်ကို ဝိတ်တူရင်စိတ်ကူးတောင်လာမယဥ်နဲ့။ ကိုယ့်ကောင်က အဲ့လောက်ထိ ဇွဲနဘဲကြီးတယ့်ကောင်။ ပထမအချီစလွှတ်လိုက်ပြီဆိုတယ့် ခေါင်းလောင်းသံထက် ကိုယ့်ရင်ခုန်သံကပိုကျယ်နေသလားပဲ။


ဟာ …. အေး …ဒါမျိုးမှ ဆိုပြီး လက်ခုပ်စတီးခွင့်ရတာ မြန်မာပရိတ်သတ်တွေ။ အတက်အဆင်းအဆုတ်အတက် သတိကြီးကြီးနဲ့ ဟိန်းထွန်းအောင်ရဲ့ လက်သီးတွဲလုံးတွေက အမ်ဆိုသီကို သတ်ကွက်တောင်ဖော်ချိန်မပေး။ အမ်ဆိုသီဖက်က အကူလူတွေက ဒေါသတကြီးရေရွတ်အော်ဟစ်နေသံတွေက ဆူဆူညံညံ။ သူတို့ထင်ထားတာတယိ့ပြိုင်ဘက်ပုံစံမျိုး မဟုတ်လေတော့ တတိယအချီမှာ အမ်ဆိုသီဘက်က တိုက်ကွက်စပြောင်းပြီး ပြိုင်ပွဲအရှိုန်ကို လျော့ချဖို့ကြိုးစားလိုက်ပါတယ်။ အောင်မြင်တယ်လို့ပြောလို့ရပြီး အပြန်အလှန်လက်သီးချက်တွေပြန်လည်တွေ့မြင်လာရပါတယ်။ အမ်ဆိုသီရယ့် အမြင့်ခြေကန်ချက်တွေကလည်း ပိုမိုရဲတင်းလာပြီး ဟိန်းထွန်အောင်ကို အတော်လေးအကျပ်ရိုက်စေခဲ့ပါတယ်။ ဒါဟာ အကူလူနည်းပြရဲ့ နည်းစနစ်ကြေညက်မှူနဲ့ပွဲအပေါ်ချဥ်းကပ်နိုင်စွမ်းရဲ့ အကျိုးဆက်ရလဒ်ပါ။ နောက်ဆုံးအချီမှာတော့ ပွဲမဖြတ်နိုင်မှန်းသိသွားတယ့် ဟိန်းထွန်းအောင်က ထိချက်များများရနိုင်အောင် အားစိုက်သွားပြီး အနည်းငယ်အရာရောက်ခဲ့ပါတယ်။
သည်နေ့ပွဲမှာ ဟိန်းထွန်းအောင်ရဲ့အရင်လက်ရည်မျိုးကို ၆၀%လောက်ပြန်တွေ့လိုက်ရပြီး အမ်ဆိုသီရဲ့အဓိကလက်နက် ပင့်တံတောင်ကို အသုံးပြုလို့မရအောင်တားဆီးသွားတာက မဟာဗျူဟာကျလွန်းတယ်လို့ ချီးကျူးပါရစေ။
ဟိန်းထွန်းအောင် မဖြစ်မနေနိုင်သင့်နိုင်ထိုက်တယ့်ပွဲပါ။
ကွန်ကရက်ကျူလေးရှင်း ညီလေး….

ကိုထက်ကြည်လင်း