၂၀၂၀ ထဲမှာ သွေးသစ်ဝင်းလှိုင် ရဲ့ ဒုတိယအကြိမ် နိုင်ပွဲ

မွန်ဝင်းစိန်တောရဆရာတော်၏ သက်တော်(၉၉) နှစ်ပြည့် ပူဇော်ပွဲသဘင် အထိမ်းအမှတ် လက်ဝှေ့ပွဲ ပထမရက်မှာပဲ မြန်မာ-ထိုင်းစိန်ခေါ်ပွဲ နှစ်ပွဲရှိရာမှာ မြန်မာလက်ဝှေ့သမား သွေးသစ်ဝင်းလှိုင်ဟာ အီရန်နိုင်ငံသား ရီဇာ့ကို ဒုတိယချီမှာပဲ ပြတ်ပြတ်သားသား ထိုးချလိုက်နိုင်ပါတယ်။ စိုးလင်းဦးကို အကြိတ်အနယ် ငါးချီပြည့်သရေ ကစားခဲ့တဲ့ အီရန်နိုင်ငံသားရဲ့ လက်ဝှေ့မှတ်တမ်းကောင်းကြောင့် ပညာသည် သွေးသစ်ဝင်းလှိုင်နဲ့ ယခုလိုတွေ့ဆုံမှုဟာ တဝကြီးရှုစားကြရမယ့် ပွဲကြမ်းသရေ ထင်ခဲ့ပေမယ့်လည်း ပွဲပြီးမြန်ခဲ့ပါတယ်။ ရီဇာ့ဟာ သွေးသစ်ဝင်းလှီုင်ထက် တလက်မခန့်ပိုမြင့်တဲ့ အရပ်အမောင်းနှင့် အရုပ်ချော အသားဖြူချင်းတူစွာ စင်ပေါ်မှာ ဘက်မျှလွန်းတဲ့ အတွဲတတွဲအသွင်ကို စစချင်းတွေ့ခဲ့ရပါတယ်။ ညာခင်းရီဇာကြောင့် ဘယ်ခင်းလေ့ရှိတဲ့ သွေးသစ်ဝင်းလှိုင်ရဲ့ အားပါတဲ့လက်သီးတွေ လမ်းကြောင်းသင့်ဖို့ အကြောင်းဖန်ခဲ့ပါတယ်။ ဒီပွဲမစခင်မှာ ဝမ်းပျက်နေတဲ့ သွေးသစ်ဝင်းလှိုင်ကို အရည်ဓာတ်ဖြည့်ဖို့ ဆရာဝန်ဆီမှာ ဆရာဖြစ်သူ ရွှေကျောင်းသားတယောက် ဓါတ်ဆားထုတ်များ လာတောင်းနေတာတွေ့ရလို့ စိတ်ပူစရာ ဖြစ်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း ထင်သလိုမဟုတ်ခဲ့ပါဘူး။ သွေးသစ်ဝင်းလှိုင်ဟာ သူ့အပေါ် အနည်းငယ်မျှ စိုးရွံ့နေဟန်မရှိတဲ့ ရီဇာရဲ့ တလှမ်းချင်းစီ တိုးဝင်ချဉ်းကပ်လာမှုကို စိတ်ကြိုက်စောင့်ထိုးခွင့် ပိုင်ပိုင်နိုင်နိုင်ရယူခဲ့ပါတယ်။ တလှမ်းချင်းတိုးဝင်နေသော်လည်း အောက်ခတ်မျှသာ ခတ်နေတဲ့ ရီဇာ့ကို စတင်တိုက်ခိုက်နိုင်သူက သွေးသစ်ဝင်းလှိုင်သာ ဖြစ်ပါတယ်။ ဝင်းလှိုင်ရဲ့ ဘယ်ခတ်ခြေနှင့် လက်သီးတွဲများကို မမှုသည့်အဟန်အပြည့်နဲ့ ရီဇာတယောက် ချောင်းမြောင်းနေခဲ့တာ ရင်ထိတ်စရာကောင်းလှပါတယ်။ ခြေကန်ချက် လက်သီးတွဲ တံတောင်စောင့်တိုက်ခြင်းတွေနဲ့ကောင်တာစိတ်ကြိုက်လွှတ်နေတဲ့ ဝင်းလှိုင်ကို ရီဇာ ဘာလုပ်မှာပါလဲ။ ဝင်းလှိုင်က ခြေလက်အင်္ဂါစုံသွားအောင် ဘယ်ဒူးတွေလည်း စထုတ်နေပါပြီ။ အမြင့်ခတ်တချက် တက်လာတာတွေ့ရပြီး ရီဇာက အောက်ခတ်နဲ့တွဲနေပါတယ်။ အပေါ်အောက်တချက်စီခတ်ရင်း သူ့ပြိုင်ဘက်ကို အကဲခတ်နေတုန်းရီဇာဟာ သွေးသစ်ဝင်းလှိုင်ရဲ့ လက်နက်ကြောင့် နောက်တွန့်သွားပြီးတိုင်း ပြန်လည်ခုန်ဝင်တိုးလာနေပုံဟာ သူ့အတွက် ကံကြမ္မာဆိုးကို ဖိတ်ခေါ်နေသကဲ့သို့ဖြစ်မှန်း ရိပ်မိပုံမရသေးပါဘူး။ သွေးသစ်ဝင်းလှိုင်ဟာ တဝင်တည်းဝင်လာနေတဲ့ ရီဇာ့ကို သူ့ပုံစံမှန်အတိုင်းပဲ နောက်တဆုတ်ဆုတ် ဘောင်းဘီတဆွဲဆွဲနဲ့ စိတ်ကြိုက်မောင်းတင်နေပါပြီ။ ပရိသတ်တို့ရေ မကြည့်ရသူတွေအတွက်တော့ စိတ်မကောင်းစရာပါပဲ ပထမချီ နှစ်မိနစ် ငါးဆယ့်ငါးစက္ကန့်မှာ ဘယ်ဝိုက်နောက်တွဲ ညာဖြောင့် ထိုးလာတဲ့ ရီဇာရဲ့ ညာလက်သီး သွေးသစ်ဝင်းလှိုင်မျက်နှာဆီ မရောက်ခင်မှာ စောင့်နေတဲ့ ဝင်းလှိုင်ရဲ့ ညာလက်သီးအလွတ်တလုံး ရီဇာ့မျက်နှာဆီ အရင်ရောက်ခဲ့ပါတယ်။ ဘယ်ညာလက်သီးတွဲရဲ့ အကြားအလပ်မှာ ထိချက်မှန်မှန်ထိုးနိုင်တဲ့ သွေးသစ်ဝင်းလှီုင်လက်သီးကို ကြိုက်သလိုသာ နာမည်ပေးပါတော့။ နှစ်ဦးသား တိုင်ပင်ထားသလို ဖင်ထိုင်ကျသွားပြီး ဟာကနဲဟင်ကနဲ မြင်ကွင်းတခု ပရိသတ် မြင်ခဲ့ရပါတယ်။ ဝင်းလှိုင်ဟာ သူ့လက်သီးကို ယုံကြည်စွာနဲ့ ပြန်ထရင်း ရီဇာ့ကိုအကဲခတ်ရာမှာ ရီဇာကတော့ ခပ်ယိုင်ယိုင်လေး ထလာခဲ့ပါတယ်။ပထမချီအပြီးမှာ အီရန်သားဟာ ဝင်းလှီုင်ကို တလေးတစား ဦးညွှတ်နှုတ်ဆက်ပြီး ချစ်ခင်ဟန် ယဉ်ကျေးစွာပြသခဲ့ပါတယ်။

ဒုတိယချီလွှတ်မယ်။ ဆာရှာမွိုင်ဆာက ရွှေရာမာဉ်ကို တလုံးကောင်းထိုးချဖို့ ရဲရဲတင်းတင်းချဉ်းကပ်ခဲ့ပုံအတိုင်း ရီဇာတိုးဝင်လျက်ပါ။ ဝင်းလှိုင်က ဘယ်ခင်းဘယ်လက်သီးနဲ့ပဲ ပြန်လည်ထိုးထုတ်ထားပါတယ်။ ဘယ်လက်သီးကို အတန်တန်ထိုးနေရာမှဒုတိယချီရဲ့ ငါးဆယ့်သုံးစက္ကန့်မှာဖြစ်ပါတယ်။ ရီဇာဟာ သူ့ကိုစောင့်ထိုးနေတဲ့ ဝင်းလှိုင်ရဲ့ ဘယ်လက်သီးလမ်းကြောင်းကို ညာလက်နဲ့ ဂတ်ပိတ်ဘယ်လက်ကိုဆန့်တန်းထားရင်း အနေအထားမှာအငုံ့ ဝင်းလှိုင်ရဲ့စိတ်ကြိုက် ညာပင့်လက်သီးအရှည်တလုံး အောက်လမ်းကြောင်းက တိုးဝင်လာတာ ခံရပါတော့တယ်။ ဘယ်လိုတောင်နာသည်မသိပေမယ့် အီရန်နိုင်ငံသား ရီဇာ့ဟာ ကြမ်းပြင်ပေါ် အလွန်အမင်း လွန့်လွန့်လူးလူး ပြူးပျာနေပါတော့တယ်။ အကူလူများ တက်လာမေးမြန်းကုသကြပါတယ်။ ဆရာဝန်လည်း စိတ်ပူပြီး တက်ကြည့်ပါတယ်။ အန္တရာယ်အခြေအနေမဟုတ်တာမို့ ဆရာဝန်ပြန်ဆင်းသွားသော်လည်း ရီဇာကတော့ ပြန်လည်ထိုးသတ်ဖို့ မည်သို့မျှ ပြောဆိုမရတော့ဘဲ အချိန်နှောင်းစွာ ငြီးငြူခံစားနေရပြီး သွေးသစ်ဝင်းလှိုင်ကို လက်မြှောက်ခဲ့ပါတယ်ခင်ဗျား

#MLC