အမျိုးသမီး လက်ဝှေ့စစ်သည် ဘယ်ရောနီးကာ

အမျိုးသမီး လက်ဝှေ့စစ်သည် ချန်ပီယံဗယ်ရိုနီကာ
============================
မိမိနှင့်မိသားစုဘဝမြင့်မားဖို့ တိုက်ခိုက်ရုန်းကန်ဖို့အရေးဝန်မလေးတဲ့သူမဟာ အသက် (၁၅)နှစ်အရွယ်ကတည်းက Boxing မယ်တယောက် ဖြစ်လာပါတယ်။ သူကတော့ မြန်မာနိုင်ငံရဲ့ အမျိုးသမီ ရိုးရာလက်ဝှေ့ချန်ပီယံလည်း ဖြစ်ခဲ့သူ “ ဘယ်ရောနီးကာ” ပါ။ ၂၀၁၅ခုနစ် စင်ကာပူမှာကျင်းပခဲ့တဲ့ Sea Game ပြိုင်ပွဲကြီးမှာ မြန်မာ့လက်ရွေးစင် Boxing အားကစားမယ်တစ်ဦးဖြစ်သည်ထိ ကယန်းတိုင်းရင်းသူလေးက စွမ်းဆောင်ခဲ့ပြီးပါပြီ။ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် “ ကဖု” ဆိုတဲ့ကျေးရွာလေးကနေပြီး ရန်ကုန် နေပြည်တော်မှအဆင့်ဆင့် စင်ကပူဆိုတဲ့ နိုင်ငံအထိ ဆင်းရဲပင်ပန်းမှုတွေကို ကျော်ဖြတ်သွားခဲ့တဲ့ သူမရဲ့ဇွဲသတ္တိကို ခန့်မှန်းသိနိုင်ပါလိမ့်မယ်။ နိုင်ငံတကာပြိုင်ပွဲမှာ ကြေးတံဆိပ်ဖြစ်ပေမယ့် အမိနိုင်ငံကိုဆုဗလာမပြန်ခဲ့ရဘဲ တာဝန်ကို အထိုက်အလျောက်ကျေပွန်နိုင်ခဲ့ပါပြီ။ ဒီ့နောက်မှာတော့ အမျိုးသမီးတိုက်ခိုက်ရေးသမား မရှိသလောက်ဖြစ်နေတဲ့ ရိုးရာလက်ဝှေ့လောကကို ဘယ်ရောနီးကာခြေချဖြစ်ခဲ့ပါတယ်။ သူသင်ယူတတ်မြောက်ထားတဲ့ လက်သီးစွမ်းရည်နှင့် သတ္တိကိုပေါင်းစပ်ပြီး သတ်ကိုးသတ်ဖြည့်စွက်လိုက်ရင် ရိုးရာကြိုးဝိုင်းပေါ်မှာသူမ မင်းမူနိုင်မယ်မဟုတ်လား။ ဘယ်ရောနီးကာ(Vero Nika) ဆိုတဲ့နာမည်ကတော့ ရိုးရာလက်ဝှေ့ပရိသတ်ကြားမှာ ခပ်ဆန်းဆန်းမို့မေးကြည့်တော့ အထွဋ်အမြတ်ထားရာ သူတော်စင်တဦးရဲ့အမည်ကို အစွဲပြုမှည့်ခေါ်ထားခြင်းဖြစ်ကြောင်း ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ ဘယ်ရောနီးကာ ဖြေပါတယ်။ ဒီလိုနဲ့ပဲ ကယန်းသူဘောက်ဆင်မယ်ဟာ Myanmar Lethwei World Championship နဲ့ပေါင်းစပ်မိပြီးနောက် ရိုးရာလက်ဝှေ့မယ်ဆိုတဲ့ နယ်ပယ်အသစ်တခုကို ခြေလှမ်းစတင်လိုက်ပါတယ်။ သိကြတဲ့အတိုင်းပေါ့ “ မတထောင် တကောင်ဘွား” ဆိုတဲ့စကားထက် ပိုရှားပါးနေပြီဖြစ်တဲ့ လက်ဝှေ့သမား နေ့စဉ်ဘဝတွေက နုရွလှပမနေနိုင်ခဲ့ပါဘူး။ လက်သီးနှစ်လုံးသာသုံးရတဲ့ ဘောက်ဆင်မယ်တယောက်ရဲ့ဘဝက ပန်းခင်းထားတာမဟုတ်ဘူးဆိုရင် ရိုးရာလက်ဝှေ့စင်ပေါ်တက်ရတဲ့ နယ်ပယ်သစ်ခြေလှမ်းတွေက ဆူးခင်းလမ်းပေါ် မိုင်းကွင်းရှောင်နင်းရသလို ရှိပါလိမ့်မယ်။ ခြေနှစ်ချောင်းမှာပါဝင်တဲ့ နောက်ထပ် ခြေ ဒူး သတ်ရေးတွေအပြင် တံတောင်နှင့်ခေါင်းပါ ပြန်လည်ပြင်ဆင်မွမ်းမံခဲ့ရပုံတွေက ခက်ခဲလွန်းခဲ့ပါတယ်။ ၇၀ ဝန်းကျင်ကီလိုတန်းတွေရှားပါးနေပြီဖြစ်တဲ့ ရိုးရာလက်ဝှေ့လောကမှာ သူမကတော့ သင့်မျှတဲ့ ကိုယ်ခန္ဓာအချိုးအဆက်ရှိသူပါ။ ၅၇ ကီလိုတန်းဟာ သူမအတွက် အကောင်းဆုံးတိုက်ခိုက်နိုင်စွမ်းရှိသောအတန်းပါပဲ။ အရပ်က ၅ ပေ ၅ လက်မရှိသူမို့ မြန်မာနိုင်ငံသူ အမျိုးသမီးချင်း ယှဉ်ပြိုင်ခဲ့ရတာ တနင်္သာရီတိုင်းက “ မူမူထွေး” တဦးတည်းသာဖြစ်ပါတယ်။

ရိုးရာလက်ဝှေ့ပွဲပေါင်း (၁၅) ပွဲရှိခဲ့ပြီး နိုင်ပွဲပေါင်း (၇)ပွဲ ရှုံးပွဲ (၁)ပွဲ နှင့်ကျန်တာကတော့

အလဲထိုးမနိုင်တဲ့ပူးတွဲသရေဆိုတာကြည့်ရင်ဘယ်ရောနီးကာရဲ့စွမ်းဆောင်ရည်ကောင်းတဲ့ ရလာဒ်ကို တွေ့ရမှာပါ။ တိုက်ခိုက်ရေးပညာပြည့်ဝကြတဲ့ မွေထိုင်းမယ်တွေကို မွေထိုင်းမြေထိ (၂) ပွဲသွားရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာပြည်မှာ (၅)ပွဲ ယှဉ်ပြိုင်ခဲ့ရပါပြီ။ 2019 ခုနှစ် ဇန္နဝါရီလမှာ Myanmar Martial Arts Group(MMAG) ကပြုလုပ်တဲ့ မြန်မာပြည်အမျိုးသမီးချန်ပီယံ ရွှေခါးပတ်ပွဲအပြီးမှာတော့ ပြိုင်ဘက် နောင့်အော်(ထိုင်း)ကိုအနိုင်ယူပြီး ဘယ်ရောနီးကာတယောက် မြန်မာ့လက်ဝှေ့အမျိုးသမီးချန်ပီယံ ခါးပတ်ရခဲ့ပါတယ်။ ” ရိုးရာလက်ဝှေ့က အရမ်းကိုကြမ်းတမ်းတဲ့ အလုပ်ဖြစ်တယ် ယောကျ်ားလေးနှင့်တန်းတူလေ့ကျင့်ရုန်းကန်ရတယ် စာချုပ်အရပွဲထိုးချိန်ရောက်ပြီဆိုရင်လည်း အမျိုးသမီးတွေရဲ့ သဘာဝချိန်နာကျင်ကိုက်ခဲမှုတွေကို ကြုံရတတ်ပါတယ် ဒီလိုကြုံတဲ့အခါ အားတင်းအံကြိတ်တိုက်ပွဲဝင်ရတာဟာ အမျိုးသားတွေထက် အမျိုးသမီးလက်ဝှေ့မယ်ရဲ့ ပင်ပန်းဆင်းရဲမှုမျိုးပါပဲ ဒါပေမယ့်လည်း ကိုယ်ဝါသနာပါတဲ့အားကစားလောကမှာ အောင်မြင်ချင်တဲ့စိတ်တင်းထားပြီး ဖြတ်သန်းကျော်လွှားခဲ့ရပါတယ် “ ဘယ်ရောနီးကာတယောက် အခုတော့ မိသားစုရှိရာ ဇာတိမြို့လေးမှာ အိမ်အလုပ်ဝိုင်းလုပ်ရင်း ကြိုးဝိုင်းခရီးကို တသသ ပြန်ပြောပါတယ်။ မြန်မာ့လက်ဝှေ့ အမျိုးသမီးချန်ပီယံတစ်ယောက် ဖြစ်လာတဲ့အပေါ်မှတော့ာ ပျော်ရွှင်ရတာပေါ့ ဒီလောက်အဆင့်ထိ မြန်မာပြည်မှာ လူသိများပြီး ရွှေခါးပတ်တွေရမယ်လို့လည်း မထင်ခဲ့ဘူးပေါ့” ဘယ်ရောနီးကာက ဆက်ပြောပါတယ်။ အောင်မြင်မှုတွေကို ပြန်တွေးရင်း ပီတိဖြစ်ပြီးနောက် ဂျပန်နိုင်ငံမှာ ကြုံခဲ့တဲ့ရှုံးပွဲနဲ့ပက်သက်တဲ့ခံစားချက်တွေကိုလည်း ဘယ်ရောနီးကာ မမေ့သေးပါဘူး။ 2017 ခုနှစ်ရဲ့ November 15 မှာကျင်းပတဲ့ (LETHWEI Gran Prix Japan 2017) ပွဲဖြစ်ပါတယ်။ မိမိထက် တိုက်ရည်ခိုက်ရည်အပြင် အခွင့်အရေးလည်း သာလွန်တဲ့ လစ်သူအေးနီးယားနိုင်ငံသူ JULIJA STLIARENKO ကို ဘယ်ရောနီးကာ အရှုံးပေးခဲ့ရတာ ခါးသီးတယ်ဆိုပေမယ့် မိမိတို့လက်ဝှေ့သမားတွေရဲ့ အားနည်းချက်ကို သိခဲ့ရလို့ အမြတ်ယူတတ်ခဲ့ပါတယ်။ ပြိုင်ပွဲအတွက်ပြင်ဆင်ချိန်မှာ လိုအပ်တဲ့အနေအထိုင်အစားအသောက် မျှတမှု မိမိယှဉ်ပြိုင်ရမယ့် ဝိတ်တန်းအတွက် ကိုယ်အလေးချိန်တင်ခြင်း ကိုယ်အလေးချိန်ချခြင်းကိစ္စတွေမှာ အသေးစိတ်အရေးကြီးတယ်ဆိုတာ သင်ခန်းစာကောင်းကောင်းလည်း ရခဲ့ဖူးပါပြီ။ အရှုံးထဲက သင်ခန်းစာအမြတ်တော့ ရအောင်ယူတတ်ရမယ်မဟုတ်လား။ လူနှစ်ဦးချင်း သတ္တိနှင့်လက်ရုံးရည်သက်သက် ယှဉ်ပြိုင်ရတာမဟုတ်ဘဲ နေထိုင်စားသောက်လေ့ကျင့်မှုနည်းစနစ် အစစအရာရာက ပြိုင်ပွဲရဲ့ရလာဒ်ကို ဖော်ဆောင်ပါတယ်။ နောက်ထပ်သတိကြီးကြီးထားရမယ့် တိုက်ခိုက်ရေးအတွေ့အကြုံတွေကောင်းတွေပါပဲ။

မြန်မာ့လက်ဝှေ့ချန်ပီယံတယောက်ဆိုပေမယ့်လည်း မိမိရဲ့ အရည်အချင်းကို ပြည့်ပြည့်ဝဝစိတ်တိုင်းကျကျေနပ်မှုမရှိပါဘူးလို့ တိုင်းရင်းသူကယန်းမလေးက ပွင့်လင်းပါတယ်။ တခါလာဒီအကွက် တခါလာဒီအကွက်နဲ့ တိုက်ခိုက်ရေးနည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေကိုလည်း သူမက အားမရပါဘူး။ အထူးသဖြင့် ကိုယ်စွမ်းဉာဏ်စွမ်း ချွေးသွေး အသက်ရင်းပြီး ရုန်းကန်ရတဲ့တိုက်ပွဲမှာ ကြိုးဝိုင်းထက်မတက်ခင် အနေအထိုင်အစားအသောက် မပြည့်စုံခြင်းဟာ ဗယ်ရိုနီကာအတွက် မွန်းကျပ်တဲ့အတွေ့အကြုံလည်းရှိခဲ့ပါတယ်။ အဆုတ်ရောင်ကပ်ရောဂါကြောင့် ပွဲမရှိချိန်မှာ လက်ဝှေ့ Trainer အဖြစ်လုပ်ခဲ့ရပေမယ့်လည်း အခုလို တကမ္ဘာလုံးကျပ်တည်းနေချိန်မှာ လက်ဝှေ့ချန်ပီယံမယ်လေးတယောက်လည်း မလွတ်ကင်းပါဘူး။ လက်ဝှေ့မယ်ဘဝဖြင့် ရွာကမိဘနှင့်မိသားစုကို အတိုင်းအတာတခုထိ ကူညီထောက်ပံ့နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အားရကျေနပ်တဲ့ စီးပွးရေးအကျိုးပြုခြင်းမျိုးထိ မဖြစ်ခဲ့တာမို့ လက်ဝှေ့မယ်ဘယ်ရောနီးကာဆန္ဒက မပြည့်ဝနိုင်သေးပါဘူး။ လက်ဝှေ့ထိုးခြင်း သတ္တိသွေးအပြင် အနုပညာသွေးလည်းရှိတဲ့ လက်ဝှေ့ချန်ပီယံဖြစ်ပါတယ်။ သီချင်းဆိုခြင်းကတော့ သူမရဲ့နောက်ထပ် ပျော်စရာ စိတ်ကျေနပ်စရာ ဝါသနာတခုပါ။ Myanmar Idol လိုပြိုင်ပွဲကြီးမှာတောင် ဝင်ပြိုင်ရဲခဲ့တဲ့ သူမရဲ့ အနုပညာ ဇ ကလည်း မသေးပါဘူး။ ​ခုတော့ မိဘတွေရဲ့ လက်ငုပ်လက်ရင်း တောင်ယာလုပ်ငန်းမှာပဲ မဖြစ်မနေ ပြန်လည်အခြေချနေရချိန်ဖြစ်ပါတယ်။ “ ကိုယ်က လက်ဝှေ့သမားတစ်ယောက်ဖြစ်တာကြောင့်ရယ် ကိုယ့်အရမ်းဝါသနာပါတဲ့ အလုပ်ကို မလုပ်ရသေးတာကြောင့်ရယ် နောက်တစ်ခု မိသားစုကို ပြန်လည်မထောက်ပံ့နိုင်တာရယ်ပေါ့နော် အာ့ဒါတွေက ကျွန်မအတွက်ခက်ခဲပါတယ်။ “ ကြိုးဝိုင်းပေါ်မှာကော မိသားစုဘဝမှာကော ရုန်းကန်ဖို့ဝန်မလေးသူ ဘယ်ရောနီးကာကတော့ ကြိုးစားနေဦးမှာ သေချာပါတယ်။ တိုက်ခိုက်ရုန်းကန်ခြင်း ဘဝကြိုးဝိုင်းထဲမှာ ပြိုင်ဘက်က အမြဲတမ်းပြောင်းလဲနေဦးမှာမို့ မြန်မာ့လက်ဝှေ့မယ် ချန်ပီယံကယန်းသူလေးဘယ်ရောနီးကာတယောက်ကလည်း တိုက်ခိုက်နေရဦးမှာပါပဲ။ ရှေ့လျှောက် အောင်မြင်တဲ့တိုက်ပွဲအလီလီကို မိသားစုအတွက် ချစ်သူခင်သူများအတွက် စွမ်းဆောင်ပေးနိုင်ပါစေ။

#MLC #MyanmarLethweiCollection #Veronika #Myanmar_Woman_Lethwei_Champion #Phekhon