Featured Video Play Icon

ထောက်ပံ့ရုန်းကန် ရိုးရာမာန် (ပွဲဟောင်းများနှင့်ရိုးရာသရုပ်)

ရိုးရာလက်ဝှေ့လောကသားတွေရဲ့ ဒီနေ့တက်ကြွနေတဲ့ မျက်နှာတွေက ရိုးရာအမွေကို ဆက်ထိန်းဖို့ ကတိကဝတ်ပြုနေသလိုပါပဲ။ အလှူလက်ခံရတိုင်း လက်ခုပ်တီးကြတယ်။ ကျေးဇူးတင်ကြောင်းပြောကြတယ်။ ထပ်ဆင့်ပြီးတော့မှ ကန်တော့သင့်သူကို ကန်တော့တယ်။ မျှသင့်သူကို ပြန်မျှတယ်။ သာဓုခေါ်သံကြားရတယ်။ ဘုရားပွဲကျောင်းပွဲများကို မှီခိုပြီး ဒီအပင်ရှင်သန်ခဲ့တာ ကြာပြီပဲလေ။ အပင်ကတော့ ရှားပါးသစ်ပင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ် “ ရိုးရာလက်ဝှေ့အားကစား” ပါ။ နည်းနည်းနောနော နှစ်ချို့သစ်ပင်ကြီးလားဗျာ။ ဖွံဖြိုးမှုမြန်ဆန်တဲ့ အင်အားကြီးတွေရဲ့ ယဉ်ကျေးမှုကလည်း သေးသေးလေးတွေကို တိုက်စားဖို့ အသင့်ရှိနေကြပြီ။ ရိုးရာလက်ဝှေ့ကလည်း မပြန့်ပွားနိုင်သေးရင်တောင် မပျောက်ပျက်သွားဖို့ သတိရှိသင့်ပါသည်။ ရိုးရာလက်ဝှေ့သမားတို့သည် ကိုလိုနီခေတ်မှသည် ယနေ့တိုင်ထိ ခေတ်ဆိုးခေတ်ပျက်များကို ကြံ့ကြံ့ခံ ရုန်းကန်ဆဲ။ ပွင့်လင်းမြင်သာလာတဲ့ ဂလိုဘယ်ခေတ်မှာ ကမ္ဘာ့အဆင့်နဲ့ နှိုင်းယှဉ် ပြစ်တင်ခံရတာလည်း သူတို့အရေထူခဲ့ပြီ။ “ နင်လဲငါထူ ငါလဲနင်ထူ” စနစ်နဲ့ အကူရယ်ဒိုင်ရယ် ကစားသမားရယ် နည်းပြရယ် အပြန်အလှန် ပံ့ပိုးကျားကန်ဆဲပါ။ ခေတ်ပျက်အဆက်ဆက်မှာ သူတို့ဟာ ရိုးရာလက်ဝှေ့မပျောက်ပျက်ဖို့ သတ္တိကိုဖက် အသက်မွေးခဲ့တယ်။ ဆရာကျားဘညိမ်းကျေးဇူးဖြင့် မြေဝိုင်းမှသည် စင်ပေါ်တက်နိုင်ခဲ့ပြီ။ နိုင်ငံပြင်ပကိုလည်း ထွက်ပြီးခဲ့ပြီ။ ခုလိုကမ္ဘာကြီးကပ်ဆိုက်တော့လည်း သူတို့ပုခုံးထက်က ဒို့ရိုးရာက လေးလေးပင်ပင်ရှိတဲ့ကြား အားတင်းနေကြဆဲလေ။ မာဂုဏ်မြင့်တဲ့ ရိုးရာသားတွေပီပီ လဲကျဖို့မလွယ်ပါဘူး။ လက်မြောက်ဖို့မရှိပါဘူး။ ဒဏ်ရာတွေရကြတယ်။ ရောဂါတွေဖြစ်ကြတယ်။ သင်္ခါရနှင့် သဘာဝတရားကြားမှာ ရိုးရာသားတွေကဖြင့် အသဲကောင်းကောင်း ပွဲတောင်းဆဲဖြစ်ပါတယ်။ ပွဲဟောင်းများပြန်လွမ်းစရာများဖြင့် ကရင်ပြည်နယ်အခြေစိုက် လက်ဝှေ့ကလပ်များရဲ့ လှုပ်ရှားမှုပုံရိပ်များ ဖြစ်ပါတယ်။