Featured Video Play Icon

လောကဓံ လက်ဝှေ့ချန်ပီယံ စိုးမိုးဟိန်း

သူ့ပြိုင်ဘက်တွေ ပထမတန်း ဖြစ်လာကြသလို သူရင်ဆိုင်နေရဆဲ ​လောကဓံကလည်း သက်လုံကျသွားဟန်မရှိသေး။ ၁၂ နှစ်သားအရွယ်ကတည်းက ရိုးရာလက်ဝှေ့စင်ပေါ်မှာ မိဘကိုလုပ်ကျွေးရင်း ငွေကြေးကြွယ်ဝဖို့ အိပ်မက်တွေ မဖြစ်ခဲ့ပေမယ့် ထူးချွန်တဲ့ ဘယ်သန်လက်ဝှေ့သမားလူငယ်ဟာ ရွှေခါးပတ်ကိုတော့ နှစ်ကြိမ်တိုင်အောင် ထိုက်တန်ခဲ့ပါတယ်။ ငယ်တုန်းရွယ်တုန်း သန်မြန်တုန်းမှာ အရှိန်ကောင်းကောင်းနဲ့ ဝေဟင်ပေါ်နှင်ခဲ့တဲ့သတ္တိတွေတံခွန်များဟာ ခုတော့ နောင်တတွေ တပွေ့တပိုက်နဲ့ ပြုတ်ကျ ကျန်ရစ်ပါလေပြီ။ မျက်လုံးမှာစုခဲတဲ့ အတွင်းဒဏ်တွေကို ထမင်းပူထိုး ကြက်ဥပြုတ်ထိုးရင်း ပွဲရှိရင် နားဖို့ရှောင်ဖို့ စိတ်ကူးမရခဲ့သူစိုးမိုးဟိန်းကို အသက်နှစ်ဆယ်အရွယ်မှာပဲ မဖြစ်မနေ နားခိုင်းလိုက်သူက ကံကြမ္မာပါပဲ။ ကံကြမ္မာက နားခိုင်းတော့မှ နားရကောင်းမှန်း စိုးမိုးဟိန်းသိအပြီးမှာ သူ့သားနှစ်ယောက်လက်ထက်ကျရင် ပြောစရာမလိုတော့တဲ့ သင်ခန်းစာတွေက အပြည့်ရှိခဲ့ပြီပေါ့။ လက်ဝှေ့သမားတွေရဲ့ ဘဝအဖြစ်မှန်တွေကို တင်ဆက်ထားတဲ့ ဒီရုပ်သံမှတ်တမ်းဖိုင်လေးမှာ တကယ်တော့ စာရေးသူ မပြောပြချင်တဲ့ ဇာတ်ဝင်ခန်းတပုဒ်လည်း ရှိခဲ့ပါတယ်။ သူကတော့ ပြိုင်ဘက်တွေထိုးနေကြဆဲဆိုတာ အသံဖမ်း အရိပ်ဖမ်း တီဗွီကလာရင် မှန်းကြည့်နေတုန်းပဲလို့ ပြောပါတယ်။ သူ့ပရိသတ်တွေက သူ့အတွက် ငွေကုန်ကြေးကျဘယ်လိုပဲ တတ်နိုင်ကုန်ကျနိုင်ပေမယ့် သူ့မျက်လုံးအစုံဟာ ပြန်မကောင်းလာတော့ပါဘူး။ ဒီတော့ စိုးမိုးဟိန်းရဲ့ လက်ရှိပြိုင်ဘက်ဟာ လောကဓံ ခပ်ကြမ်းကြမ်းကလွဲရင် ဘာဖြစ်ဦးမှာလဲ။ ရိုးရာလက်ဝှေ့အသဲကောင်းဇွဲကောင်း ယောကျ်ားကောင်းပီပီ သူကတော့ အခက်အခဲတွေကို ဖြုံနေဟန် မရှိပါဘူး။ ထွန်းထွန်းမင်းနဲ့ထိုးပြီးတော့ မျက်လုံးတွေဖူးယောင်နေတဲ့ကြား စစ်အောင်နဲ့ထပ်ထိုးဖြစ်တယ်။ အထိုးကောင်းရင် လက်ဝှေ့သမားဘာဖြစ်ဖြစ် ထိုးတာပဲ ကြည့်ချင်တယ်ဆိုတဲ့ ခေတ်ဆိုးကြီးထဲမှာ စိုးမိုးဟိန်းဟာ ခွါလိပ်ခဲ့ရတဲ့ မြင်းကောင်းတကောင်ပါပဲ။ သူ့လက်ရည်လက်ဆ အစွမ်းအစတွေကို ပြန်ပြောင်း အောက်မေ့ဖွယ်ကြည့်ရင်း စိုးမိုးဟိန်းပေးတဲ့ သင်ခန်းစာကောင်းကောင်းကို နားဆင်ခံစား သူ့ပွဲတွေ အားပေးရပါမယ်။