Featured Video Play Icon

Myanmar Lethwei World Championship-5 (6.12.2020)

အတည်မပြုရသေးတဲ့ တွဲဆိုင်းတွေဖြစ်ကြောင်း ကြိုတင်အသိပေးပါရစေ။ လက်ဝှေ့ပွဲစောင့်နေကြသူများအတွက် 6.12.2020 ကတော့ ပွဲဖြစ်ဖို့ သေချာပါတယ်။ Sky Net ရုပ်သံမှထုတ်လွှင့်မှာဖြစ်ပြီး Facebook Page မှထုတ်လွှင့်ခြင်းရှိမရှိ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ စုစုပေါင်းတွဲဆိုင်း (၆) ဆိုင်းပြင်ဆင်ထားတာရှိပြီး ရုံပိတ်ကျင်းပမယ့် ဒီပွဲအတွက် ဆေးစစ်ချက်အဖြေများ စောင့်နေကြပါတယ်။ ကျန်းမာရေးအဖြေ ရသည်နှင့်တပြိုင်နက် ဝုန်းဒိုင်းကြဲပြီး ထွက်လာဖို့ရှိတဲ့ တွဲဆိုင်းကောင်းများဖြစ်ပါတယ်။ ပဏာမလျာထားတဲ့ တွဲဆိုင်းသတင်းများကို လက်လှမ်းမီသမျှ စုစည်းတင်ပြထားခြင်းဖြစ်ပါတယ်။ ပွဲစီစဉ်တဲ့ အဖွဲ့အစည်း MMAG (Myanmar Martial Arts Group) က အတည်ပြုတွဲဆိုင်းထုတ်ပြန်မှသာလျှင် တွဲဆိုင်းအတည်ဖြစ်ပါသည်။ တတိုင်းပြည်လုံး စိတ်ဝင်စားနေမှာ သေချာတဲ့အတွဲကတော့ အားလုံးသိကြတဲ့ ထွန်းထွန်းမင်းနှင့်ရွှေရာမာဉ်ဆိုတာ သိပါတယ်။ သူတို့နှစ်ဦး နောက်ဆုံး လှုပ်ရှားခဲ့ကြတဲ့ ခွန်အားနှင့်သက်လုံအခြေအနေတွေက ဘယ်လိုရှိခဲ့ပါသလဲ။ သူတို့နှစ်ဦးဆီမှာ နောက်ဆုံးမြင်ခဲ့ရတဲ့ ခွန်အားနှင့်စွမ်းရည် အခြေအနေတွေကို နောက်ဆုံးမှာ တွေ့မြင်သုံးသပ်နိုင်ပါတယ်။ အခြားလက်လှမ်းမီရာတွဲဆိုင်း (၅)ဆိုင်းကိုပါ မိတ်ဆက်ထားတာဖြစ်လို့ အစမှအဆုံး ကြည့်ရှုအားပေးဖို့ တိုက်တွန်းပါရစေ။ ခံစစ်သုံးနောက်ဆုတ်ဖို့ စဉ်းစားလေ့မရှိတာက ထွန်းထွန်းမင်းပါ။ သူဟာ အပြင်းစားတွဲလုံးတွေကို သုံးတတ်တဲ့ ကြောက်ခမန်းလိလိတိုက်စစ်ပိုင်ရှင်ဆိုတာ ဘယ်သူမှ ငြင်းချက်ထုတ်မှာမဟုတ်ပါဘူး။ အဲ… ပြောလို့မကုန်တဲ့ အကြောင်းအရာတွေနဲ့ ငြင်းခုန်ဖို့ကောင်းသူကြီးက ရွှေရာမာဉ်ပါပဲ။ ပြည့်ဝကြံ့ခိုင်တဲ့ကိုယ်ကာယ အားသာချက်တွေပိုင်ဆိုင်ထားရင်းနဲ့ပဲ သူဟာ အားနည်းချက်ကြီးကြီးမားမား ရှိနေတယ်လို့ အများရဲ့ သံသယရှိခံနေရဆဲ ပထမတန်းတက်သစ်စပါ။ အကြီးတန်းရှားပါးတဲ့ ရိုးရာလက်ဝှေ့လောကမှာ သူ့ကို မျှော်လင့်ချက်ကြီးသူတွေကတော့ မြန်မာ့ချန်ပီယံဖြစ်လာဖို့ ခုထိ သို့လောသို့လောပါပဲ။ လဲချင်ရင် အလွယ်တကူလဲတတ်ပြီး နိုင်တဲ့အခါ အံ့အားသင့်စရာ နိုင်ပွဲတွေကိုလည်း သူကယူဆောင်ပေးတတ်ပါသေးတယ်။ ကပ်ကာလမတိုင်ခင်မှာ မထင်မှတ်ထားတဲ့ သုံးပွဲဆက်အလဲထိုးပွဲက ခုထိအံ့အားသင့်ရမယ့် ရလာဒ်တွေလို့ ပြောနိုင်ပါတယ်။ ဒါဟာ လူပြောများတဲ့ အိမ်ကွင်းဆိုတဲ့ ရေခံမြေခံကြောင့်ပဲလား။ ဘာပဲဖြစ်ဖြစ် အောင်မြင်မှု အရသာတွေကတော့ လူငယ်လေး ရွှေရာမာဉ်အတွက် မက်မောခံစားချင်စရာ ပူပူနွေးနွေး ရှိနေကြီဦးမှာပါ။ ကျားနာတကောင်လို ခွန်အားရှိသမျှ ဖောက်ထုတ်ပြမယ့် စိတ်ဓာတ်ပြင်း သတ္တိကောင်းတဲ့ ထွန်းထွန်းမင်းကတော့ ကပ်ကာလ မွန်းကျပ်မှုနှင့်အတူ မုန်တိုင်းတခုလို တိုက်ခတ်တော့မလား။ စိတ်ဝင်စားမယ်ဆိုရင်လည်း စိတ်ဝင်စားစရာအကြောင်းတွေက များလှပါတယ်။ နှစ်ဦးလုံးဟာ ခါးသီးတဲ့အရှုံးတွေကို တနုံ့နုံ့ ရင်ဝယ်ပိုက်ထားရသူတွေ မဟုတ်ပါလား။ လက်ဝှေ့သမားကောင်းရဲ့ စိတ်ဓာတ် မာန်မာနပြင်းအားတွေ တိုက်စားသွားမယ့် လမ်းပေါ်မှာ ဘယ်သူဟာ ဘယ်သူ့အတွက် အသုံးချခံဖြစ်သွားမလဲ။