Myanmar Lethwei World Championship 5 (ပွဲစဉ်သတင်း)

Myanmar Lethwei World Championship – 5
************************************************
“ ကျနော်တို့ တွဲဆိုင်းကိုဘာမှမကြေငြာသေးဘူး ဘာလို့လဲဆိုတော့ နောက်တသုတ်ရဲ့ covid စစ်တဲ့အဖြေမရသေးလို့ပါ ခွင့်ပြုချက်ကကျပြီးပြီ Covid စစ်တာ တဝက်က စစ်ပြီးသွားပြီ အဖြေရသွားပြီ Negative ဖြစ်တယ် ကျန်တဲ့တဝက်က စစ်နေတုန်း အဖြေမရသေးဘူး အဲ့ဒီအဖြေရမှပဲ ကျနော်က ကြေငြာမှာ” ဒါကတော့ မြန်မာပြည်တွင်း လက်ဝှေ့ပွဲတွေ ပြန်ကျင်းပနိုင်ဖို့ ကြိုးစားနေတဲ့ MMAG (Myanmar Martial Art Group) မှ ဦး၀ဏ္ဏက MLC ကိုအတည်ပြုပြောကြားခဲ့တဲ့ သတင်းဖြစ်ပါတယ်။ ကမ္ဘာ့အဆုတ်ရောင်ကပ်ရောဂါ တားဆီးထိန်းချုပ်မှုအခြေအနေများကြောင့် ၂၀၂၀ ခုနှစ် မတ်လတွင်းမှာပဲ ပြည်တွင်းလက်ဝှေ့ပွဲတွေ ရပ်တန့်နေခဲ့တာ ခုဆို (၉) လတိုင်အောင် ကြာမြင့်ခဲ့ပါပြီ။ ပြည်တွင်းသာမက ပြည်ပရပ်ခြား နိုင်ငံတကာလက်ဝှေ့ပွဲတွေပါ ပုံမှန်ကျင်းပလေ့ရှိတဲ့ MMAG အဖွဲ့ကတော့ covid ကပ်ရောဂါ ကာလတွင်းမှာပဲ သတ်မှတ်စည်းကမ်းနှင့်အညီ ကျင်းပနိုင်ဖို့ Myanmar Lethwei World Championship-5 စီစဉ်လိုက်ပါပြီ။ ဒီပွဲစဉ်ဟာ (၉)လတွင်း ပထမဆုံးပြန်လည်ကျင်းပနိုင်တဲ့ ပြည်တွင်းလက်ဝှေ့ပွဲလည်း ဖြစ်ပါတယ်။ ပွဲသတင်းနှင့် တွဲဆိုင်းအတည်ပြုချက်ရရေးကို အဓိကထားပြီး ဆက်သွယ်မေးမြန်းရာမှာ MMAG က ခုလိုပြန်လည်ဖြေကြားပါတယ်။ “ တွဲဆိုင်းအတည်ကိုတော့ covid စစ်ပြီးမှကြေငြာမှာပါ ဒိုင်တွေကော နည်းပြတွေကော ထိုးသားတွေကော အကူလူတွေကော အကုန်စစ်ထားပါတယ် တွဲဆိုင်းအတည်ပြုဖို့အရေးကတော့ ကျနော့်လက်ထဲကို အဖြေရမှပြောပါမယ် တကယ်လို့ ပိုးတွေ့တဲ့လူရှိလာရင် ကျနော်လူလဲရမှာလေ ပွဲကတော့ ဖြစ်တာသေချာပါပြီ” ပွဲစီစဉ်သူ MMAG မန်နေဂျင်းဒါရိုက်တာ ဦး၀ဏ္ဏရဲ့ ပွဲစဉ်အတည်ပြု သတင်းစကားများ ဖြစ်ပါတယ်။

တကမ္ဘာလုံးအနှံ့မှာ ရိုက်ခတ်မှုကြီးမားခဲ့တဲ့ ကပ်ရောဂါကြောင့် အခြားသောနယ်ပယ်အသိုင်းအဝိုင်းများနည်းတူ လက်ဝှေ့လောကသားတွေလည်း အကျပ်ရိုက်ခဲ့ကြတာပါ။ လက်ဝှေ့လောကသားတွေ ပွဲအများဆုံး ကျင်းပချိန်ဖြစ်တဲ့ ပွင့်လင်းရာသီချိန်အစမှာ ဖြစ်ခဲ့တဲ့ကပ်ရောဂါကြောင့် ရိုးရာလက်ဝှေ့ကိုမှီတည် အသက်မွေးကြတဲ့ အခြေခံလက်ဝှေ့မိသားစုတွေ တနှစ်ပတ်လုံး အခက်တွေ့ခဲ့ကြပါတယ်။ Myanmar Lethwei World Championship-5 ပွဲစဉ် ဖြစ်မြောက်တဲ့သတင်းကြောင့် ရိုးရာလက်ဝှေ့သမားတွေ နည်းပြတွေနှင့် ကလပ်အသီးသီးမှာလည်း ပြန်လည်လှုပ်ရှား အသက်ဝင်လာကြပါပြီ။ ဒီဇင်ဘာ (၆) ရက်နေ့မှာ ကျင်းပမယ့် Myanmar Lethwei World Championship-5 ပွဲကို ဩဂုတ်လကတည်းက စတင်ကြိုးစားခဲ့ရတယ်လို့ ဦး၀ဏ္ဏက ဆက်ပြောပြပါတယ်။ “ Covid စစ်တဲ့အဖြေရမှပဲ တွဲဆိုင်းတွေကိုကျနော်တင်ပေးလို့ရမယ် ကျနော်ကော Sky Net ကော ဘယ်သူကမှ Officially မကြေငြာသေးပါဘူး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေပြီး စစ်ထားတဲ့ ကျနော်တို့လူတွေရဲ့ အဖြေကိုပေးတဲ့နေ့မှပဲ တွဲဆိုင်းအတည်ရမှာ”

ကူးစက်မြန်ကပ်ရောဂါကြောင့် ကမ္ဘာတလွှားမှာ ပြုမူနေထိုင်မှု ပုံစံအသစ်တွေနဲ့ New Normal ဖြစ်အောင်ကြိုးစားနေချိန်မှာ မြန်မာ့ရိုးရာလက်ဝှေ့အသိုင်းအဝိုင်းကလည်း ပရိသတ်မပါဘဲ ရုပ်သံထုတ်လွှင့်မှုအသားပေးပွဲတွေ စီစဉ်လာကြရပါပြီ။ မည်သို့ပင်ဆိုစေ Myanmar Lethwei World Championship-5 ပွဲစဉ်ကိုတော့ ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို လက်ဝှေ့ပရိသတ်တွေ ရှုစားကြရတော့မှာ သေချာနေပါပြီ။ ဒီဇင်ဘာ (၆) ရက်နေ့ကတော့ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ တွဲဆိုင်းကောင်းတွေ မြင်ခွင့်ရတော့မှာပါ။ အထူးသဖြင့် အဓိကခေါင်ပွဲစဉ်မှာ ပရိသတ်တွေကြည့်ချင်ကြတဲ့
ထွန်းထွန်းမင်းနှင့်ရွှေရာမာဉ်အတွဲဟာ နှစ်ဖက်ပရိသတ်တွေ ထင်ကြေးမြင်ကြေးမျိုးစုံနဲ့ စည်စည်ကားကားရှိလှပါတယ်။ နောက်ဆုံးအတည်မပြုရသေးပေမယ့် အဆိုပါလက်ဝှေ့ထိပ်တန်းနှစ်ဦး ယှဉ်ပြိုင်မယ့် တွဲဆိုင်းသတင်းဟာ ရေပန်းစားနေခဲ့ပါပြီ။ အခုလို ပွဲစဉ်အသစ်တွေကို မျှော်လင့်ညည်းတွားနေကြတဲ့ ပရိသတ်များဟာ Sky Net Sport Channel မှတဆင့် ပရိသတ်မပါတဲ့ ပထမဆုံးပြည်တွင်းပွဲကို ကြည့်ခွင့်ရပါမယ်။

“ ဒီပွဲဖြစ်လာဖို့ တော်တော်လေးကို ကြိုးစားထားရပါတယ် သွားရေးလာမှု နေထိုင်မှုကအစ တော်တော်လေးကို အားစိုက်ကြိုးစားခဲ့ရပါတယ်” လို့ MMAG မှ မန်နေဂျင်း ဒါရိုက်တာဦး၀ဏ္ဏက ပြောကြားပါကြောင်း တင်ဆက်ရင်း မြန်မာ့လက်ဝှေ့ကျန်းမာချမ်းသာပါစေ

#MLC
#Myanmar_Lethwei_Collection