Featured Video Play Icon

ကျား (နှင့်) ဆင် (Tun Tun Min vs Shwe Yar Marn)

ဒီပွဲဖြစ်လာရင် ပရိသတ်အမြင် ဘယ်လိုရှိသလဲသိချင်တဲ့ နှိုင်းယှဉ်ပြ ဗွီဒီယိုလေးတခု ဖန်တီးလိုက်ပါတယ်။ ကိုဗစ်ကာလမတိုင်မီမှာ သူတို့ဖြတ်သန်းခဲ့တဲ့ ပွဲကြမ်းများ စုစည်းမှုကို ခြေရာခံပြီးရင်တော့ အဖြေဟာ ဘယ်လိုဖြစ်သွားနိုင်တယ် မှန်းဆနိုင်ဖို့ ရည်ရွယ်ပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့ ပရိသတ်များရဲ့ ရင်ထဲမှာ ဒီနေ့ထိ နေရာယူနေဆဲ စိုးမိုးနိုင်တဲ့ ထွန်းထွန်းမင်းရဲ့ မုန်တိုင်းဆင်တွဲလုံးများအောက် ရွှေရာမာဉ်အသဲပျောက်သွားဖို့ မျှော်လင့်တယ်လို့ အမြင်ပေါ်ထွက်လာနိုင်သလို အကောင်းဆုံးအရွယ်မှာ အမြင့်မားဆုံး အောင်မြင်မှုကို သူကလွဲပြီး တခြားလူမမြင်ဘူးလို့ ရွှေရာမာဉ်ရဲ့ ပရိသတ်ကလည်း ယူဆနိုင်ပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့လောကရဲ့ ထိပ်တန်းမောင်နှစ်ဦးပါပဲ။ ဆရာလိုအကိုလိုဖြစ်တဲ့ တူးတူးမှလွဲရင် ကျန်တာ ဘယ်သူနဲ့မဆိုထိုးပါ့မယ်ဆိုတဲ့စကားနှင့်အညီ ရွှေရာမာဉ်တယောက် ထွန်းထွန်းမင်းကို ထိုးလို့ဖြစ်ပါ့မလား။ ဒဏ်ရာသင့်ကျားတကောင်လို မဲမဲမြင်ရာအကုန်ခဲမယ့် စိတ်ခွန်အားမာန်မာနနဲ့ ထွန်းထွန်းမင်းရဲ့ စက်ကွင်းထဲမှာ ရွှေရာမာဉ်ရဲ့ နာမည်တလုံးဟာ စတေးခံရဦးမှာလား။ အမျိုးမျိုးသော အမြင်တွေကို သုံးသပ်ဆုံးဖြတ်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ကျားနှင့်ဆင်လို့ အမည်ပေးထားတဲ့ ဒီဗွီဒီယိုလေးမှာ ဘယ်သူကျား ဘယ်သူဆင်လို့ သင်ထင်ထားပါသလဲ။ ဆုံခဲ့ကြုံခဲ့ရင် မရှောင်သာမလွှဲသာ ဘယ်သူက ဘယ်သူ့ကို အနိုင်ယူပြီး တောဘုရင်လုပ်သွားမလဲ။ ဒီမောင်နှစ်ဦးရဲ့ ကပ်ရောဂါမတိုင်ခင်က စာမျက်နှာတွေကို လှန်လှောကြည့်လိုက်ကြရအောင်ပါ။