Featured Video Play Icon

ကီလိုအကြီးတန်း မြင်ချင်စမ်းတယ်(စောစံမြားနှင့်ဝေါ်ဝါလ)

ခွန်အားချင်းတူတော့ ကြည့်ရတာမျှမျှတတ ခံစားချက်ဖြစ်ပါတယ်။ ဘာကွာသွားမလဲဆိုတာ စိတ်ဝင်တစား အဖြေစောင့်ကြည့်မိပါတယ်။ နှစ်ဦးလုံးကတော့ ကရင်ပြည်နယ် တောပွဲတောင်ပွဲများရဲ့ အတန်းတူ စူပါစတားတွေပါပဲ။ ခုံဒိုင်တွေအော်လေ့ရှိသလို
အထောက်အထိုးပညာအမျိုးမျိုးဆိုတဲ့စကားရပ်ကိုတိတိကျကျပုံဖော်ပြနိုင်တဲ့မောင်နှစ်ဦးပါ။ မျက်နှာပေါ်ကျတဲ့ လက်သီးသံတဖြောက်ဖြောက်ကို ကြားနေရပါတယ်။ အရှိုက်နှင့်ဗိုက်ကို အချိန်ကိုက်ထိတဲ့ တိုက်ဒူးတွေရဲ့ ပေါ့ပါးမှုကလည်း ဟာကွက်လုံး၀မပြမိစေဖို့ မကျွံလာနဲ့သူငယ်ချင်းလို့ အပြန်အလှန်သတိပေးနေကြတဲ့အတိုင်းပါပဲ။ တိကျတဲ့တိုင်မင်စောင့် ထောက်လက်သီးတွေဟာလည်း နှစ်သက်စရာထိချက်တွေ ဖြစ်ကြပါတယ်။ လက်သီးထိုးခေါင်းချိုးရုံနဲ့မလုံနိုင်ပါဘူး သူတို့နှစ်ဦးက ပညာစုံပါတယ်။ ဒါကြောင့်လည်း ဗလာဒူး ပစ်ဒူးများနှင့်အတူ ဇက်ချုပ်မိလေတိုင်းပင့်ဆောင့်တိုက်တဲ့ခေါင်းသတ်ကွက်ဟာ အချိန်အခါသင့်ရွာတဲ့မိုးလိုပဲ လွန်စွာမှ ကြည့်ကောင်းစေပါတယ်။ အချိန်အခါလည်းမသင့် မလိုအပ်တဲ့အချိန် ပစ်ဆောင့်တတ်တဲ့ခေါင်းဟာ မြန်မာ့ရိုးရာလက်ဝှေ့ကို နွားပွဲလားလို့ မေးစရာသာ ဖြစ်စေနိုင်ပါတယ်။ နာမှာမကြောက် ရှုံးမှာပဲကြောက်တဲ့ သတ္တိချင်းလည်းမျှတဲ့အခါ ဝေးလံစွာရှောင်တိမ်းဖို့ မစဉ်းစားကြတော့ဘဲ နင်တချက်ငါတချက် ဆိုင်ထိုးခြင်း အလဲအထပ်ပြုခြင်းတွေက ကရင်ပြည်နယ်လက်ဝှေ့ပွဲရဲ့ ဂုဏ်ကိုဆောင်ခဲ့တယ်ညွှန်းခွင့်ပြုပါ။ အကဲမစမ်းတဲ့ သုံးချီတာတိုပွဲဖြစ်တာကြောင့် ဒုတိယချီမှာပဲ သက်လုံချင်း ထပ်တူပြုရင် ဘယ်သူပိုပြည့်၀သလဲ လဲကျသွားရင် ဘယ်သူထဖို့ လေးလံနေပြီလဲ နှစ်ဖက်ပရိသတ်တွေ စိတ်ဝင်စားကြပါတယ်။
လက်သီးအထောက်နှင့်ခေါင်းအဆောင့်ကောင်းတဲ့ စောစံမြားကို ဗိုက်ထဲဒူးအတိုက်ကောင်းတဲ့ ဝေါ်ဝါလဟာ တဒိုင်းဒိုင်း ဘယ်ညာတိုက်ထည့်ပါတယ်။ဘယ်ဖြောင့်ပစ်ထိုးဖို့ အားယူချိန်မှာ စောင့်တိုက်တဲ့ ခတ်ခြေနှင့်လက်သီး ပစ်မှတ်ထိချက်မြန်သူက နှာတဖြားသာရုံလေးပါပဲ။ ပညာတူတဲ့အခါ လျင်မြန်တိကျမှုက ပိုအရေးပါပါတယ်။ ပြောနေရလည်း လေကြောကြာပါတယ်။ ဒီမောင်တွေကိုသာ ကီလို (၇၀) ကျော်တန်းမှာ ဆယ်ယောက်လောက်တွေ့ရရင် လက်ဝှေ့လောက ဒီလောက်ထိ ပျင်းစရာမကောင်းပါဘူးလို့ ပွဲဆော်ရင်း … ခုတော့ အော်ဂင်လေးနဲ့ရွာစားရေ ကရင်တောရွာလေးမှာပဲ ခဏပျော်ကြသေးတာပေါ့