Featured Video Play Icon

ကိုဗစ်ကပ်ဆိုး (နှင့်) ရိုးရာလက်ဝှေ့

ရိုးရာလက်ဝှေ့တလောကလုံးအတွက် အလှူကြီးပေးသည့်ပမာ ကရင်ပြည်နယ်နေ့ လက်ဝှေ့ပွဲတော်ကြီးလည်း လွန်သွားခဲ့ပါပြီ။ ၂၀၂၀ မတ်လမှစလို့ ကမ္ဘာ့ကပ်ဆိုးရဲ့ အလဲထိုးခြင်းအောက်မှာ လမ်းပျောက်ရွာရောက်ခဲ့ရတဲ့ လက်ဝှေ့ကတော့ (၁)ကနေ(၉)(၁၀)မကလို့ လပေါင်းများစွာထိစောင့်သော်လည်း ပြန်ထလာနိုင်ခြင်း မရှိသေးပါဘူး။ ပွဲကောင်းရာသီအလီလီကုန်လွန်သွားခြင်းဟာ အချိန်ကောင်းနဲ့လှုပ်ရှား သတ်ပုတ်ရတဲ့အားကစားသမားများအတွက်တော့ ပြန်မရတော့နိုင်တော့ ဆုံးရှုံးမှုကြီးပါပဲ။ မြန်မာ့ကိုယ်ပိုင်အားကစားရယ်လို့ လက်မထောင်စရာ ရိုးရာစစ်စစ်တွေက ခုခေတ်မှာ ရှာမှရှားဖြစ်ပါမယ်။ ဒါပေမယ့် နိမ့်ကျနေတဲ့ အနှိမ်ခံအသိုင်းအ၀ိုင်းဖြစ်ပေမယ့် ရိုးရာလက်ဝှေ့သမားတွေကတော့ “ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု” ဆိုတဲ့ ဂုဏ်ဒြပ်အရ မော်ကြွားနိုင်သူတွေပါ။ ကရင်ပြည်နယ်အတွက်သာမက အခွင့်အခါရတိုင်း မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ သတ္တိဗျတ္တိစွမ်းရည်ဆိုတာ ဘယ်စက်ရုံကမှ ရိုက်ထုတ်လို့မရနိုင်ပါဘူး။ ပွဲဝေးလာတာနှင့်အမျှ တစစယိုယွင်းသွားတဲ့ စွမ်းရည်တွေ ပြန်လည်တည်ဆောက် ခုန်ပေါက်ပြနိုင်ဖို့ ခုတော့ သူတို့လှုပ်ရှားနေကြပါတယ်။ မန္တလေး၊ ရန်ကုန်စတဲ့ လက်ဝှေ့အသိုင်းအဝိုင်းကြီးရာ ဒေသတွေမှာ ကပ်ကာလကန့်သတ်မှုတွေနှင့်အတူ လက်ဝှေ့ပွဲလုပ်နိုင်ဖို့ကြိုးစားနေကြသလို ကရင်ပြည်နယ်ကလည်း စတင်အသက်ဝင်ဖို့ ပြင်ဆင်နေကြတာ တင်ပြလိုက်ပါတယ်။ ရိုးရာလက်ဝှေ့ပွဲတွေ ပြန်လည်ကျင်းပနိုင်ဖို့အရေး လက်ဝှေ့သမားတွေရဲ့ မျှော်လင့်ချက်က ဘယ်အထိတောက်ပနေကြပြီလဲ?