တောပြောင်းကျားနှင့် ဗျဂ ္ဃကျားဖြူ

အောင်မြင်မှု ပွဲစဉ်တွေ ရပ်တန့်မရတဲ့ ဗျ ဂ ္ဃကို တက်တက်ကြွကြွ ချီတက် တိုက်ခိုက်ဖို့လာနေပြီဖြစ်တဲ့ စောထိန်လင်း။ သူ့ကို လူမသိကြတာများပါတယ်။
ပြည်တွင်းပွဲကြီးတွေသာ အာရုံစိုက်ဖြစ်ပြီး အင်တာနက်လိုင်းပေါ်ကပဲ ကြည့်ခွင့်ရတဲ့ ကမ႓ာတဝန်းက ပရိသတ်တွေကတော့ ၂၀၁၉ ရွှေခါးပတ်ချန်ပီယံပွဲနှင့် ပက်သက်ပြီး ပြည်တွင်းချန်ပီယံ အရှိန်အဝါအောက်မှာ စောရွှေလေး ဆိုတဲ့ တယောက်ကို အံ့အားသင့်စဖွယ် မြင်လိုက်ကြပါတယ်။ ပြတ်သားထင်ရှားတဲ့ လက်ရည်တွေနဲ့ လူတကာအာရုံစိုက်မိသွားအောင် တပွဲဆိုတပွဲ ပြလေ့ရှိတဲ့ ဒို့ရိုးရာသား။ ဒီလိုမျိုး ရခဲတဲ့ အခွင့်အရေးကို ရရင်ရသလို အသုံးချမယ့် နောက်တယောက်ဟာ စောထိန်လင်းဖြစ်နေဦးမလား။

သံမဏိ စိုးကြီးကို အံတုဖို့ အောက်တန်းက စိုးမောင်ဦးရဲ့ လောဘကို စိုးလင်းဦး ကြည်ဖြူခဲ့သလို လက်သပ်မွေးထားတဲ့ ဗျ ဂ ္ဃကို အနားကပ် သွေးတိုးစမ်းဖို့
စောထိန်လင်းတို့အတွက် အခွင့်အရေးပေးခဲ့သော ပွဲစီစဉ်သူများကို မဆီမဆိုင်ကျေးဇူးတင်နေမိတာက စာရေးသူပါ။ ပွဲကောင်း အခွင့်အရေးများ ရှာကြံဖန်တီးတတ်တဲ့ နည်းပြနှင့်အုပ်ချုပ်သူတွေအနီးမှာ ဗျ ဂ ္ဃ ရဲ့ ဂုဏ်သတင်းကတော့ ကြီးကျယ်လှပါတယ်။ ၅၇ ကီလိုတန်းရွှေခါးပတ်ပိုင်ရှင်၊ International Lethwei Federation Japan ရဲ့ အောင်မြင်မှုဖလားပိုင်ရှင်၊ မကာအို နှင့် ထိုင်းနိုင်ငံတို့ကိုလည်း ခြေဆန့်ပြီးခဲ့တဲ့အပြင် စောရာဇာ နှင့် ကရင်လေးတို့လို အထင်ကရ ကလပ်သားများကို အနိုင်ထိုးခဲ့ပုံတွေကြောင့် ပြီးချေပြီးလက် ထက်မြက်တဲ့ မောင်ဆိုတာ လူသိလွန်းလှပါတယ်။ ဟိန်းထွန်းအောင်နှင့် အကြိတ်အနယ်ကြီးကျယ်ခဲ့တဲ့ မန္တလေးပွဲဟာ လူပြောများထင်ရှားပြီး မကြာခင်က ပြီးစီးခဲ့တဲ့ ဂျပန်အသဲဇွဲပိုင်ရှင် ဟီဂါရှိနဲ့ ပွဲဆိုရင်လည်း ရင်သပ်ရှုမောဖွယ်ရာပါပဲ။ တိုက်စစ်ခံစစ် ပုံသေမထားဘဲ အခြေအနေအရပ်ရပ်ပေါ် သုံးသပ်တတ်လွန်းတဲ့ သူ့ရဲ့ ကြွယ်ဝတဲ့ နည်းဗျူဟာ အမျိုးမျိုးကြောင့်လည်း သူဟာ ရှုံးနိမ့်ဖို့ခဲယဉ်းသူဆိုတာ မြင်သာပါတယ်။

Byat Ga ကို တုံးကနဲလဲအောင် ဘယ်သူလုပ်နိုင်ပါမလဲ။ သူ့ရဲ့ ထက်မြက်တဲ့ သတ်ကိုးသတ် အနုပညာမှာ ဘယ်သူတွေကိုများ ဆက်ပြီး မူးဝေစေဦးမှာလဲ။ ဒါဟာ အဖြေမပေါ်မချင်း ဆွဲဆောင်မှုရှိတဲ့ နက်နဲသော ပဟေဠိဖြစ်ပါတယ်။ ဒို့ရိုးရာမောင် စောထိန်လင်းတယောက်တော့ ဆရာဖြစ်သူ သတ္တိအောင်ရဲ့ နည်းညွှန်လမ်းပြမှုနှင့်အတူ နောင်တော်ကြီး စိုးလင်းဦးနောက်မှာ ပူးကပ်လို့ လိုက်လာနေပါပြီ။ ဟုတ်ကဲ့ လွန်ခဲ့တဲ့ Royal D ရွှေခါးပတ်ပြိုင်ပွဲ ၆၀-ကီလိုချန်ပီယံ စောမင်းနိုင်ကို အကွဲထိုးအနိုင်ရဖူးထားသူပါ။ တောသားမြို့တက်လာတဲ့ပွဲမှာ တခေါက်ဆိုရင်တခေါက် ခရီးရောက်ဖို့ စိတ်ကူးပြီးသား ဆရာတပည့်တွေ လေ့ကျင့်ပြီးကြပါပြီ။ စောရွှေလေးကဲ့သို့ ဉာဏ်လွှာပြီး ပြိုင်ဘက်ကို အကဲခတ် ဗျူဟာသုံးသပ်ပြောင်းလဲနိုင်သူ ဖြစ်ရင်တော့ ဒီပွဲဟာ ရင်တမမ ဖြစ်သွားနိုင်ပါတယ်။ သုံးနှစ်ဝန်းကျင်အတွေ့အကြုံ တောပွဲများမှာ ရခဲ့တဲ့ရင့်ကျက်မှုတွေကို တန်းတက်ဖို့ မန္တလေးက အခွင့်အရေး ပေးလိုက်ပါပြီ။ ရွှေသထုံကလပ်မှ လက်ဝှေ့ညီကိုများနှင့် သူနိုင်ကိုယ်နိုင်အပြိုင်ကြဲပြီးသား ဖြစ်တဲ့အပြင် တောင်ကလေးမှ လင်းထက်အောင်ကိုလည်း သရေဆိုတဲ့ အဖြေက အထင်ကြီးစရာ ဖြစ်စေပါသေးတယ်။

၂၀၁၉- ခုနှစ် ရွှေခါးပတ်ချန်ပီယံလုပွဲမှာ မရလိုက်တဲ့ အခွင့်အရေးကို ဒီတခါ အရအမိဆုပ်ကိုင်ဖို့ ဗိန်းမောင်းသံကြားမှာ သိဒ္ဓိကိုခင်းကျင်းပြသပေတော့ ဒို့ရိုးရာရာသား စောထိန်လင်းရေ မနိုင်ရင်တောင်မှပဲ ညီမျှတဲ့အသွားအပြန်တွေနဲ့ ပြိုင်ကန် ပြိုင်ထိုး လှပတဲ့ပူးတွဲဆိုရင် စောထိန်လင်းတွက် လက်မထောင်စရာလို့ ဆိုကြပါစို့။ ကင်မရာပေါင်းစုံ ပရိသတ်လူအုံထူထူကြားမှာ စောထိန်လင်းဆိုတဲ့ ဒို့ရိုးရာကျားတကောင်က ကျားကျားလျားလျား ဘယ်လောက်ရှိပါမလဲ။ ဗျ ဂ ္ဃကိုတုန်လှုပ်စေမယ်ဆိုရင် အောင်မြင်မှုအခွင့်အလမ်းတွေ ကောင်းသွားနိုင်တယ်ဆိုတာတော့ နည်းပြဖြစ်တဲ့ သတ္တိအောင်လည်း သိမှာပါ။ ဒီလိုမဟုတ်ဘဲ ကျားဖြူတကောင်ရဲ့ ဂူထဲကို မယောင်မလည် ရောက်လာတဲ့ အဆာပြေအဖြစ်ပဲ နိဂုံးချုပ်သွားမလားဆိုတာတော့ … ဗျာတို့ရေ ။ သိရပါတော့မယ်။

#MLC
#MyanmarLethweiCollection