လက်ဝှေ့မျိုးရိုးကောင်းနဲ့ တိုးတက်နေတဲ့လူငယ်

**********************************************
မုဒုံသားကလပ်ကနေ အလွတ်တန်းချန်ပီယံဖြစ်ခဲ့တဲ့ အစ်ကိုဝမ်းကွဲတော်စပ်သူ ထွန်းထွန်းမင်းကိုစံထားပြီး ကြိုးစားအားထုတ်နေသူ လူငယ်ကစားသမားတစ်ဦးဆိုလိုက်ရင် သိကြမှာပါ။ ထွန်းမင်းနိုင်(ထွန်းထွန်းမင်းကလပ်)ပဲ ဖြစ်ပါတယ်။ အဖဦးခိုင်ရွှေနဲ့ အမိဒေါ်သန်းအေးတို့ရဲ့ ရှစ်ယောက်မြောက်သားလည်းဖြစ်ပါတယ်။ လက်ဝှေ့မျိုးထဲကနေပဲ မွေးဖွားလာတာကြောင့် ၁၃ နှစ်သားအရွယ်ကပင် ရိုးရာလက်ဝှေ့ပွဲ စတင်ထိုးသတ်ခဲ့ပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့ပွဲတွေယှဥ်ပြိုင်နေရင်း ဒူးတံတောင်များကို အဓိက အသားပေးကစားလိုတဲ့အတွက် မွေထိုင်းပညာရပ်ကိုလည်း ရေခြားမြေခြားထိးသွားသင်ယူဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ မွေထိုင်းရိုးရာပြိုင်ပွဲ ၁၅ ပွဲတိတိ ယှဥ်ပြိုင်ဖူးသည်ထိ အတွေ့အကြုံယူနိုင်ခဲ့သူပါ။ ထွန်းမင်းနိုင်ဟာ မွေထိုင်းရိုးရာပြိုင်ပွဲ (၁၅)ပွဲတွင် နှစ်ပွဲသာရှုံးနိမ့်ခဲ့ပြီး ကျန်ပွဲများမှာ အမှတ်ဖြင့်လည်းကောင်း အလဲထိုးဖြင့်လည်းကောင်း အနိုင်ယူရလဒ်ကောင်းခဲ့ပါတယ်။ မွေထိုင်းပညာကို တစ်နှစ်ကျော်လေ့လာပြီးနောက်မှာ မြန်မာ့ရိုးရာလက်ဝှေ့နယ်ပယ်တွင်း ကျင်လည်အောင်မြင်ဖို့အရေးတွက် ထွန်းမင်းနိုင်ကြိုးစားခဲ့ပါတယ်။ လက်ဝှေ့မျိုးရိုးရှိသူ ဖြစ်တာကြောင့် ရိုးရာလက်ဝှေ့လက်ဝှေ့ကိုပဲ အာရုံစိုက်ပြီး အစ်ကိုကဲ့သို့ ကျော်ကြားဖို့အရေးဟာ ထွန်းမင်းလတ်ရဲ့ စိတ်ကူးအိပ်မက်ဖြစ်မှာ အသေအချာပါပဲ။ ထွန်းမင်းနိုင်အတွက် ၂၀၁၆ ခုနစ်က တိုင်းနှင့်ပြည်နယ် ရွှေတံဆိပ်ရရှိခဲ့ခြင်းဟာ အောင်မြင်မှုခြေလှမ်းအစမို့ အမှတ်တရရှိနေပါတယ်။ အောင်နေထူး(ဒို့ရိုးရာ) ကိုဆီမီးမှာဖြတ်ထားရစ်ခဲ့ပြီး မိုးလေး(စစ်ကိုင်း)ကို ထပ်မံအနိုင်ယူအပြီးမှာတော့ ထွန်းမင်းနိုင်ရဲ့ ရည်မှန်းချက်တွေ စတင်အရောက်တောက်ခဲ့တယ် ဆိုရမှာပါ “အာ့ပွဲတုန်းက ကျွန်တော်က ၂၀၁၆မှာ ရွှေတံဆိပ်အထိ ရမယ်လို့မထင်ဘူးပေါ့နော် ဒါပေမယ့် ရွှေတံဆိပ်ရတော့ ပျော်တာပေါ့ နောက်ထပ်အမှတ်ရတဲ့ပွဲကတော့ ကိုရဲသွေးနီနဲ့ မန္တလေးပွဲမှာ ယှဥ်ပြိုင်ရတဲ့ပွဲပါ ရဲသွေးနီဆိုတာ ကိုယ်အားကျရတဲ့ကစားသမားတစ်ဦးလည်းဖြစ်တယ် ပြီးတော့ နိုင်ငံကျော်သူလည်းဖြစ်သလို ကိုယ့်ထက်စီနီယာကြီးလည်း ဖြစ်တယ် ဒီလိုကြီးကျယ်တဲ့ယှဥ်ပြိုင်ဖက်ကို အခွင့်အရေးရခဲ့တဲ့အတွက်လည်း ဒီပွဲကို အမြဲပြန်တွေးမိတယ်” လို့ပြောပါတယ်။ ဟုတ်ပါတယ်။13.12.2019 မန္တလေးမှာ ရဲသွေးနီနဲ့ ယှဥ်ပြိုင်ကစားခဲ့တဲ့ ထွန်းမင်းနိုင်အတွက် သရေရလဒ်ကတော့ သူ့လိုဂျူနီယာအတွက်တော့ ဂုဏ်ယူမယ်ဆိုလည်း ယူလောက်ပါတယ်။ နောက်ဆုံးပွဲအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ခုနစ် ပြည်ထောင်စုနေ့အထိမ်းမှတ်လုပ်တဲ့ ဖြူးမြို့ပွဲမှာ မိုးမှောင်(ဘိလပ်မြေစက်ရုံ) နဲ့ သရေပွဲဖြစ်ပါတယ်။
အခုဆို ထွန်းမင်းနိုင်တယောက် ပွဲအတွေ့အကြုံပွဲပေါင်း (၄၀) ဝန်းကျင်ရှိလာသလို ယုံကြည်မှုတွေလည်း ရင့်သန်နေပါပြီ။ အဆုတ်ရောင်ကပ်ရောဂါကြောင့် ပွဲတွေဝေးနေပေမယ့် လေ့ကျင့်မှုတွေကိုတော့ ပုံမှန်အတိုင်းပါပဲ။ အစ်ကိုထွန်းထွန်းမင်းအနားမှာပဲ အတူလေ့ကျင့်နေတယ်လို့သိရပါတယ်။ လက်ဝှေ့သမားထုံးစံပါပဲ မခုတ်ရတဲ့ဓားဥပမာလို အခုဆို ထွန်းမင်းနိုင်တယောက် သူ့လက်ရည်မပျက်ချင်တာကြောင့် တန်းတူမယ့်ပြိုင်ဘက်ကောင်းတွေကို မျှော်လင့်နေပါပြီ။ လက်ဝှေ့သမား အများနည်းတူ လက်ရည်လက်စ ပြန်နွှေးဖို့ မစောင့်နိုင်တော့ပါဘူး။ အားပေးတဲ့ပရိသတ်တွေတွေကိုလည်း ကျေးဇူးတင်ကြောင်း MLC မှတဆင့် နှုတ်ခွန်းဆက်သွားပါတယ်။