စောကောင်းထက် (သို့မဟုတ်) မုန်တိုင်းစီးခရီးသွားတစ်ဦး

စောကောင်းထက် (သို့မဟုတ်) မုန်တိုင်းစီးခရီးသွားတစ်ဦး
****************************************************
အခုတော့ စောကောင်းထက် နောင်တရနေသည်။ ဗိန်းမောင်းတိုက်သံများကို အဖော်ပြု၍ လက်ဝှေ့သတ်စင်ပေါ် ခုန်ပျံလာတတ်သော ခုံဒိုင်များ၏
ပွဲဆော်သံက ဇာတ်နာနေသည့်ကြားမှာပဲ လွမ်းစရာလိုလို ဆွေးနေမိ၏။ မိဘပေးသည့် အမည်ရင်း “စောထက်အောင်” ခေါ်သံထက်စာရင် စင်ပေါ်တက်လာဖို့ ခုံဒိုင်များက စောကောင်းထက်(ဘိလပ်မြေစက်ရုံ) လို့ခေါ်သံကြားရင် ပိုပျော်တယ်။ ဒီအမည်တလုံးကို တပြုံးပြုံးနှင့် မိမိသာယာခဲ့လေသည်။ ဒါတွေက အချိန်ကုန်သွားပြီလား။ စိတ်ပူရပြီ။ တဝမ်းကွဲအစ်ကိုဖြစ်သည့် ဉာဏ်လင်းအောင်(ဘိလပ်မြေစက်ရုံ) နောက်ကို လက်ဝှေ့ခြေရာခံလိုက်ရင်း အစ်ကိုပေးသည့်ဒီနာမည်က မိမိအသက် (၂၀) အရွယ်ငယ်ငယ်မှာပဲ မေ့ပျောက်ခံရတော့မလား။ တွေးမိရင်း စောကောင်းထက် စိတ်မကောင်းနိုင်ပါဘူး။ (၃) ရက်သားရှိသေးသည့် မွေးကာစသမီးကိုရင်ခွင်ပိုက်ရင်း သူတွေးနေမိတာက သူ့ညာမျက်လုံးကို သမီးခိုးကြည့်နေသလား။ တကယ်တော့ မွေးကာစ သမီးမျက်လုံးတွေက ကောင်းကောင်းပင်မဖွင့်သေးဘူးဆိုတာ့ သူစိတ်မလုံဖြစ်နေမိတာကိုး။ ငါ့မျက်လုံးက ကုလို့မှရနိုင်တော့မလား။ ကိုဗစ်ကလည်းမပြီးနိုင် ညာမျက်လုံးတဖက်ကလည်းတိမ်စွဲခဲ့ပြီ။ ခွဲဖို့စိတ်ဖို့မိမိက စိတ်အားထက်သန်ရင်တောင် သွားဖို့လာဖို့အခြေအနေကခက်နေပြန်သေးတယ်လေ။

တကယ်တော့ လက်ဝှေ့ကိုထိုးချင်လွန်းတဲ့စိတ် မထိုးရတော့မှာစိုးတဲ့စိတ် ဒီစိတ်ကပဲ အခုလို အဖြစ်မျိုးကိုရောက်စေခဲ့တာပါ။ အပြစ်က မိမိမှာသာရှိ၏။ ကရင်လူငယ်တယောက်ရဲ့ လက်ဝှေ့ကြိုးဝိုင်းတွေကို မက်မောစွဲလန်းစိတ်က ကြီးလွန်းခဲ့သည်။ ကိုယ့်အရှေ့က ဆရာကြီးတွေ အစ်ကိုကြီးတွေ မျက်လုံး
ထိခိုက်ဒဏ်ရာရကြ တိမ်စွဲကြ မှောင်သွားကြသည်ကို မကြာခဏကြားမြင်ရသည်။ ဒါကိုသင်ခန်းစာယူ သတိထားဖို့ မိမိပျက်ကွက်ခဲ့သည်။ ကစားဖော်သူငယ်ချင်း
စောလှမင်းနှင့်စပါးရီး(Sparring) ဆွဲရင်း မျက်လုံးထိမိတဲ့အဲ့နေ့ကအဖြစ်က ဒီလောက်ထိအခြေအနေရောက်သွားမယ်လို့ မထင်ခဲ့တာအမှန်ပါ။ အဲ့ဒီနေ့ကပုံမှန်
ကလပ်မှာလေ့ကျင့်ကြတော့ ဆရာက စောလှမင်းနှင့်စပါးရီးထိုးလေ့ကျင့်ဖို့ ပြောသည်။ ပြိုင်ဘက်ကပေါ့လို့မရတဲ့ပြိုင်ဘက်လေ။ 2019 အောက်တိုဘာ (၄) ရက်နေ့၊ မန္တလေးမြို့ကြီးမှာကျင်းပမယ့် ကြောက်ရွံ့ကင်းကျား (Fearless Tigers)ဆိုပဲ။ ပွဲကြီးက ခြိမ့်ခြိ့မ်သဲပေါ့။ စောမင်းနိုင်ရဲ့ အမာအားပြုကစားပုံ နာမည်ကြီးမှုနှင့်အတူ လိုင်းပေါ်မှာလူပြောများတာ ဒီတခါတော့ ဆုံခွင့်ရပြီ။ ပြီးတော့ စောမင်းနိုင်က ရွှေခါးပတ်ချန်ပီယံ။ စောကောင်းထက်ဆိုတာ ရွှေခါးပတ်မရဖူးပေမယ့် ရွှေခါးပတ်ချန်ပီယံကိုနိုင်လိုက်၇တဲ့ ဂုဏ်သိက္ခာကိုလိုချင်တာပေါ့။ ကံကြမ္မာလား ကံဇာတာလား ဘာလားမသိဘူးပေါ့။ သူငယ်ချင်း
နဲ့ Sparring ဆွဲရင်း ရတဲ့ထိခိုက်ဒဏ်ရာက ခုဆိုမွေးကာစ သမီးကိုတောင် တဖက်တည်းစိုက်ကြည့်နေရဖို့ ဖြစ်စေခဲ့တယ်။ သမီးကိုကြည့်လို့မဝနိုင်ပါဘူး။ ပဲခူးတိုင်း တောင်ငူမြို့ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု ဇပလီကုန်းကျေးရွာမှာ လူဖြစ်ခဲ့တဲ့ စောကောင်းထက်က မိန်းမဖြစ်သူနေရပ် ကရင်ပြည်နယ် သံတောင်ကြီးမြို့မှာ
သမီးလေးတယောက် မွေးဖွားနိုင်ခဲ့ပါပြီ။ ဆက်ပြောရရင် အဲ့နေ့က စောလှမင်းနှင့်လေ့ကျင့်ရင်းရတဲ့ဒဏ်ရာက စိုးရိမ်စရာဖြစ်လာလို့ ဘားအံဆေးရုံမှာ သွားပြပါတယ်။ ဆရာဝန်က ” မျက်ကြည်လွှာလှုပ်နေတယ် ဒီတပွဲထိုးပြီးရင်တော့ ပြန်ကုလိုက်ပါ ” တဲ့။ ဒီအဖြေကြားရတော့ စောကောင်းထက် စိတ်သက်သာရာ
ရခဲ့ပါသေးတယ်။ အဓိက ပွဲထိုးဖို့မဟုတ်လား။ တခါခါ လေ့ကျင့်ခန်းပြီးလို့ မောမောနဲ့အိပ်ရာပေါ်လှဲစဉ်းစားတဲ့အခါ တွေးမိတယ်။ ဘာထိုးပွဲမှမရှိဘဲ ထရိန်နင်ဆင်း
ရတဲ့ရက်တွေဆိုတာ မုန်းစရာအကောင်းဆုံးပဲလေ။ မြန်မာ့ရိုးရာလက်ဝှေ့လောကသားတွေရဲ့ ကြောက်စရာအကောင်းဆုံးငရဲဟာ အဝီစိမဟုတ်ဘူး။ ပွဲမရှိဘဲ မျှော်လင့်ချက်မရှိဘဲ ထရိန်နင်ဆင်းရတဲ့ရက်တွေပါ။ လက်ဝှေ့ဟာ သတ္တိရင်းရတဲ့ သူတို့ရဲ့အသက်မွေးမှုဖြစ်သလို ဝါသနာကြီးပေမယ့် ပိုက်ဆံမရဘဲ လေ့ကျင့်ခန်းဆင်းနေဖို့ ခက်လွန်းတယ်။ ဒီလိုနဲ့ ဒဏ်ရာမျက်လုံးကိုအဖော်ပြုပြီးထိုးလိုက်တာ WLC ရဲ့ မန္တလေးမြို့ ကြောက်ရွံ့ကင်းကျားပွဲစဉ်မှာ ကင်မရာမီးတွေအရှေ့ ခမ်းနားမှုတွေအလယ် စောကောင်းထက်ရဲ့ ကျေနပ်စရာအကောင်းဆုံးအချိန်တွေလို့ ဆိုရမယ်။ စောမင်းနိုင်ကိုထိချက်များနဲ့ ပွဲအပြီးမှာ စောကောင်းထက်က ” ဝင်းနား ” တဲ့။ ပျော်လိုက်တာ ပျော်လိုက်တာ။ မုန်တိုင်းတခုကို ခမ်းခမ်းနားနား ဖြတ်နိုင်ခဲ့တယ်။ ကိုစိုးလင်းဦးတို့ရဲ့ထင်ပေါ်မှုမျိုး ကိုတွေ့မရှောင်တို့ရဲ့ ကျော်ကြားမှုမျိုး ရည်မှန်းချက်တွေ ပိုမိုတက်ကြွလာပြီ။ အောင်မြင်မှုလမ်းပေါ် အရှိန်ရတုန်း စောမင်းနိုင်ကိုထပ်နိုင်ပြလိုက်ရတာ ပီတိကိုခံစားပြီး ဆက်အရှိန်ယူရမယ်။ ဒီလိုပဲဖြစ်သင့်တယ်။ စောမင်းနိုင်နဲ့ ငါးချီမုန်တိုင်းအပြီးမှာ တကယ်ဆို လေပြေလာရမှာမဟုတ်ဘူးလား။ အရပ် (၅)ပေ (၉)လက္မ (၆၇)ကီလိုတန်းဟာ ပြိုင်ဘက်တွေပေါသလို ဖြတ်ကျော်ရမယ့် ခရီးလမ်းနည်းနည်းတော့ ကြမ်းတယ်။ အခွင့်အရေးလည်းကောင်းတယ်။ ဒီပွဲအပြီးမှာ ဆရာဝန်မှာစကားအရဆိုရင် အနားယူမျက်လုံးကုသဖို့ ပွဲဆက်တွေအများကြီးကို လက်လွှတ်လိုက်ရမယ်။ အသက် (၂၀) လူငယ်တယောက်ဟာ လက်ဝှေ့လောကမှာ ပွဲတွေရနေလျက်နဲ့ ရပ်ပစ်လိုက်ရမှာလား။ ခပ်ကျိန်းကျိန်းရှိတဲ့ ညာမျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သူကြိတ်တွေဝေခဲ့ဖူးတယ်။ ခဏပါပဲ။ ဆရာတွေက သတိပေးသည့်ကြား ပွဲဆက်ထိုးဖို့ သူဆုံးဖြတ်ဖြစ်သွားတယ်။

ကရင်ပြည်နယ် တပ်မဟာ(၁)ကလုပ်တဲ့ ဘီးလင်းလက်ဝှေ့ပွဲမှာ စောဆာဝါး(ဒို့ရိုးရာ) နဲ့တပွဲ၊ စောအယ်လေး(ထူးမေတ္တာထူးငြိမ်းချမ်းရေး) နှင့် လှိုင်းဘွဲ့မြို့နယ် သာယာကုန်းရွာမှာ တပွဲ၊ စောထူးအောင်(မန္တလေးယူနိုက်တက်) နှင့် တောင်ကလေးကရင်အမျိုးသားနှစ်သစ်ကူးမှာတပွဲ။ WLC Battlebones ပွဲမှာ နိုင်ငံခြားသား ဆင်မြူရယ်တော့စ်ကာနိုနဲ့ အရှုံးပွဲတပွဲ။ မင်းထက်အောင်(ရွိုင်ရယ်ဒီရွှေသထုံ)နဲ့တပွဲ စုစုပေါင်း(၅) ပွဲဆက်ထိုးခဲ့တာ ကြည့်ပါဦး။ သူထိုးခဲ့ရသူတွေဟာ 2018 မှာပဲ လက်ဝှေ့သမားဖြစ်ခဲ့တဲ့ သူလို သမ္ဘာနု ဝါနုတဦးတွက် ကြီးကျယ်တဲ့ ပြိုင်ဘက်တွေမဟုတ်ပါလား။ ပထမဆုံးပွဲဦးထွက်နိုင်ငံတကာပွဲမှာဆို လှုပ်ရှားသွက်လက်တဲ့ အီတလီနိုင်ငံသားကို အရှုံးပေးလိုက်ရတာ စိတ်ထိခိုက်မိတယ်။ တိမ်စွဲစပြုနေတဲ့မျက်လုံးတလုံးနဲ့ နဂိုကမှအရှောင်အတိမ်းအားနည်းတဲ့လက်ဝှေ့သမားက ပရိသတ်အားမရစရာ ဖြစ်ခဲ့ရတယ်။ ညာဘက်မျက်လုံး ဒဏ်ရာဟာ ခန္ဓာကိုယ်အနှံ့ခေါင်းတခုလုံး မျက်နှာတပြင်လုံး အဆစ်အမြစ်အားလုံး နာကျင်မှုနှင့်ရောနှောသွားတယ်။ အောင်မြင်မှုကိုမက်မောပြီး အနာဂါတ်ကိုပုံဖော်နေတဲ့ လူငယ်လက်ဝှေ့သမားရဲ့ စိတ်ဇောတွေကြားမှာ သူ့ညာမျက်လုံးအနာဟာ လျစ်လျူရှုခံလိုက်ရရှာတယ်။ မျက်လုံးဒဏ်ရာရပြီး ဆက်ထိုးတာ စောမင်းနိုင်ပွဲအပါအဝင်ဆိုရင် စောဆဝါး၊ စောအယ်လေး၊ စောထူးအောင်၊ ထို့နောက် ဆယ်မြူရယ်တော့စ်ကာနို၊ မင်းထက်အောင်(ရွိုင်ရယ်ဒီရွှေသထုံ) ဖြစ်ပါတယ်။ နောက်ဆုံးထိုးခဲ့တဲ့ပွဲက သထုံမြို့နယ် နောင်ကုလားကျေးရွာ ဇရစ်ချောင်ဘုန်းတော်ကြီးကျောင်းဘုရားပွဲ စောကောင်းထက်(နှင့်) မင်းထက်အောင်။ ဒီပွဲကို သူအမြဲ အမှတ်ရနေတော့မှာပါ။ မှတ်မှတ်ရရထပ်ဆိုရရင် ဒီပွဲကို MLC (Myanmar Lethwei Collection) က လာရောက်ရိုက်ကူးတိုက်ရိုက်လွှင့်သွားတယ်။ သူတို့ရဲ့ ရိုးရာလက်ဝှေ့ယူကျုချန်နယ်မှာ
ထုတ်ပြခဲ့တော့ စောကောင်းထက်မချိပြုံးမိတယ်။ ” ဒဲ့ထိုးတိုက်ကန် ရှောင်မသန်သူတို့ရဲ့ပွဲ ” တဲ့လား။ ဟုတ်ပါတယ်။ လက်ဝှေ့သမားအများစုက သိပ်ပြီးရှောင်တာ
တိမ်းတာ မလုပ်ဖြစ်ကြဘူး။ မင်းထက်အောင်ရဲ့ ညာခြေအမြင့်ခတ်တွေကို သူ့မျက်လုံးတဖက်နဲ့ အသဲအသန်စိုက်ကြည့်နေတုန်းရှိတယ် ဘယ်ဒူးကလည်း ရိပ်ကနဲဝင်လာကြတယ်။ တကယ်ကောင်းတဲ့ မင်းထက်အောင်ပါပဲ။ မိခင်ကလပ်အသင်းဖြစ်တဲ့ ဘိလပ်မြေစက်ရုံရဲ့ ပတ်တံတောင်တွေကို မျက်စိစုံမှိတ်ပြီး
သူပတ်ရိုက်ပစ်ခဲ့တာ ထိရောက်မှုအားနည်းခဲ့မှာပေါ့။ မင်းထက်အောင်ရဲ့ ဘယ်ဖြောင့်လက်သီးဆိုတာ သူ့ညာမျက်လုံးနှင့် ခေါက်တုံ့ခေါက်ပြန်ပေါ့။ သူနိမ့်တယ်ဆိုရမယ့်ပွဲပါပဲ။ သူ့ထက်စီနီယာအစ်ကိုဖြစ်သူ မင်းထက်အောင်ကိုသရေရတာ စောကောင်းထက်ဂုဏ်မနိမ့်ပါဘူး။ အစ်ကိုမင်းထက်အောင်ကို စောကောင်းထက် ဂါရဝပြုခဲ့ပါတယ်။ လက်ဝှေ့သမားအချင်းချင်း ထိုးချက်ကန်ချက် နာကျင်ခြင်းတွေကို စိတ်မနာပါဘူး။ တိုက်ပွဲပျော်ညီအကိုချင်း ပွဲပြီးရင်
နှုတ်ဆက်ထိတွေ့ရတဲ့ နွေးထွေးမှုတွေကို လွမ်းမိတာပိုပါတယ်။ ဒီပွဲနောက်ပိုင်းတော့ သူ့ညာမျက်လုံးတွေဟာ နောက်ထပ်မုန်တိုင်းတွေကို ဝင်မတိုးနိုင်တော့ဘူးလို့
သိလိုက်ပါတော့တယ်။ ခုဆို လုံးဝကို မမြင်ရတော့တဲ့အခြေအနေဖြစ်သွားပါပြီ။ ဖေ့ဘွတ်ပေါ်မှာ MLC ကတင်ထားတဲ့ဓာတ်ပုံကိုယူပြီး စောကောင်းထက်က
သူ့ဓာတ်ပုံပတ်လည်ကို အမှောင်ရိပ်ထိုးလိုက်တယ်။ ဓာတ်ပုံအောက်မှာ သူနားလည်သမျှ Dark Life ဆိုတဲ့အမှတ်တရ အင်္ဂလိပ်စာလုံးတလုံးထိုးလိုက်တယ်။ သွားပြီ သူ့မျက်လုံး တိမ်ဖုံးသွားပြီလေ။ ဘယ်သူသိသိမသိသိပေါ့။ သူ့ပွဲတပွဲဖြစ်တဲ့ စောကောင်းထက်နှင့်စောအယ်လေး (လှိုင်းဘွဲမြို့နယ် သာယာကုန်းရွာ) အတွဲကို
MLC (လက်ဝှေ့မီဒီယာ) က တင်ပြသွားတယ်။ သတ်ကိုးသတ်ရဲ့အလှများတဲ့ ။ စောကောင်းထက်ပြန်ကြည့်နေမိပေမယ့် သူအစီးထိုးခဲ့ရတဲ့ ဒီပွဲကို မကြည်နူးဖြစ်
တော့ပါဘူး။ ကိုစောအယ်လေးလည်း လက်ဝှေ့လောကမှာ အနားယူပြီဆိုတဲ့ သတင်းစကားကြားရတော့ စိတ်မကောင်းဖြစ်မိတယ်။ မိမိက အစ်ကိုစောအယ်လေး
လောက်တောင် လက်ဝှေ့သမားသက်တမ်းကြာနိုင်ဦးမလား။ အနာဂါတ်ကမသေချာတော့ဘူးပဲ။ လူ့လောကထဲကို ရောက်ကာစသမီးကိုပြုစုရင်း ကိုဗစ်ကာလကိုဖြတ်သန်းပြီးရင် အသက်နှစ်ဆယ်ကျော်လူငယ်တဦးရဲ့ မှောင်မိုက်နေတဲ့မျက်လုံးကို ပြန်ကုရပါဦးမယ်။ ကရင်ပြည်နယ် မြိုင်ကြီးငူမှာ ဆယ်သိန်းရိုးရာအောင်လံတခုပိုင်ခဲ့ရတဲ့ အောင်မြင်မှုတွေကို ခုလိုအနားယူချိန် ပြန်တွေးတိုင်း ကြောက်ခမန်းလိလိ အရသာရှိလွန်းတယ်။ ဒီလို ဘာမဆိုဖြစ်သွားနိုင်တဲ့ တိုက်ပွဲဝင်အားကစားသမား မုန်တိုင်းစီးခရီးသွားသူတွေဟာ ရိုးရာလက်ဝှေ့သမားပါပဲ။ မုန်တိုင်းအလွန်မှာ လေပြေညင်းတဲ့သူကတော့
ပျော်စရာအကောင်းဆုံး ဘဝပိုင်ရှင်တွေပေါ့လေ။ စာချုပ်ပွဲ(သို့မဟုတ်) စိန်ခေါ်ပွဲ (၁၆) ပွဲမှတ်တမ်းကတော့ သူများတွေထက် ပွဲနုပါတယ်။ ဒါပေမယ့် စောကောင်းထက်ကတော့ ပြိုင်ဘက်ကြီးတွေနဲ့ အတွေ့အကြုံရင့်ခဲ့ပါပြီ။ နိုင် (၇-သောင်း) ရှုံး (၄-သောင်း) ဘဝကနေ အနိုင် (၁၈-သိန်း) အရှုံး (၁၂-သိန်း) ထိတက်လာခဲ့ဖို့ ကြိုးစားခဲ့ရခြင်းက ပွဲတွေအဆက်ဆက်ရပြီး လူကြိုက်များဖို့ပါပဲ။ ခုတော့ မြင်းကောင်းခွါလိပ်ဘဝမျိုး ကြုံနေသည့်ကြားမှာပဲ ဇန္နဝါရီလ-၃ ရက်နေ့မှာလူ့လောကရောက်တဲ့ သမီးလေးက သူ့အတွက် ဘုရားပေးတဲ့အဖော်ဆိုပြီး ကျေနပ်နေရပြီ။ သမီးအတွက် ပိုက်ဆံတွေအများကြီးရှာနိုင်ချင်သေးတယ်။ အလုပ်ကိုင်အခွင့်အလမ်းရှားပါးတဲ့ နိုင်ငံမှာ ကရင်လူငယ်များအတွက် ရိုးရာလက်ဝှေ့ဟာ မုန်တိုင်းစီးခရီးသွားတွေလိုပါပဲ။ မုန်တိုင်းအလွန် တဖက်ကန်းပန်းတိုင်ကိုရောက်ဖို့ အရင်း အနှီးက ဘာမဆိုဖြစ်သွားနိုင်တယ်။ နောက်ဆုံးထိုးဖက်ဖြစ်ခဲ့သူ မင်းထက်အောင်က သပြေညိုကိုတောင် သရေထိုးသွားပြီဆိုတော့ သူတန်းတက်ဖို့အရေးလည်း နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စိတ်အားတက်ကြွစရာဆိုရမှာပါပဲ။ covid-19 ကြောင့်သာ လက်ဝှေ့ပွဲတွေမရပ်သွားရင် စောကောင်းထက်ကိုကြည့်ချင်ကြတဲ့ စာချုပ်များကိုငြင်းပြီး စောကောင်းထက်(ဘိလပ်မြေစက်ရုံ) တယောက် ပွဲငြင်းဖြစ်မှာလား။
မမြင်ရတဲ့ တိမ်စွဲမျက်လုံးနဲ့ပဲ မုန်တိုင်းထဲ ပျော်ဖြစ်နေဦးမှာလား။ အတွေးများကိုရပ်တန့်ပြီး ချစ်စရာသမီးလေးကို စောကောင်းထက်ပွေ့ချီလိုက်တယ်။ ဘာပဲဖြစ်ဖြစ် သမီးကိုတော့ အဖေ့မျက်လုံးအစုံနဲ့ လင်းလင်းချင်းချင်း အားရပါးရကြည့်ချင်တာပေါ့ဗျာ။

(စောကောင်းထက်က မျက်လုံးတဖက်တိမ်စွဲပြီးမမြင်ရတော့တာကို အနားယူပြန်ကုဖို့ဆုံးဖြတ်ထားပါတယ်။ ဒီသတင်းကို ပရိသတ်မငြီးငွေ့ရအောင်ရေးသားတင်
ဆက်ရခြင်းဖြစ်ပါသည်။ စောကောင်းထက်ဟာ ယခုအချိန်မှာ ကရင်ပြည်နယ်သံတောင်ကြီးမြို့မှာ ဇနီးနှင့်မွေးကာစသမီးနှင့်အတူ အေးအေးချမ်းချမ်းအနားယူရင်း မျက်လုံးကုသဖို့ စောင့်ဆိုင်းနေပါတယ်။)